
IANS
မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ သြဂုတ်နှောင်းပိုင်းမှစ၍ ယခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည် ၄၈ဝ,ဝဝဝ ထွက်ပြေးခဲ့သည့် အတွက် ၎င်းတို့အား စောင့်ရှောက်ရေးတွင် အခက်အခဲများရှိနေကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က စက်တင်ဘာ ၂၆ တွင် ပြောကြားသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေသည့် ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်းအရေအတွက်မှာ ၇ သိန်းအထိ ရှိသွားပြီဟု ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ၎င်းက ပြောကြားသည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာမွတ်စလင်များအနေဖြင့် နိုင်ငံသားအဖြစ် ငြင်းပယ်ခြင်းခံထားရပြီး ၎င်းတို့သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းလာသူများအဖြစ် မြန်မာအစိုးရက သတ်မှတ်ထားသည်။
သြဂုတ် ၂၅ တွင် ရိုဟင်ဂျာစစ်သွေးကြွများ၏ တိုက်ခိုက်မှုအပေါ် မြန်မာစစ်တပ်က ပြန်လည်နှိမ်နင်းမှု များကြောင့် နှစ်နိုင်ငံနယ်စပ်သို့ ဒုက္ခသည်အများအပြား ရောက်ရှိသွားခဲ့သည်။
“ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ ဦးဆောင်မှုနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အထောက်အပံ့ပစ္စည်း တန်ချိန် ၁ဝဝ ကို အင်္ဂါနေ့မှာ ဒါကာမြို့တော်ကို ပို့ပေးလိုက်ပါတယ်။ နောက်ထပ် လေယာဉ်နှစ်စင်းနဲ့ ပို့ပေးဖို့ စီစဉ်ထားပါတယ်” ဟု ဒူဂျာရစ်က ပြောသည်။
“အောက်ခြေမှာ အဆင်ပြေအောင် လုပ်ဆောင်ပေးနေပေမယ့် ဘေးလွတ်ရာကို ပြေးလာတဲ့သူတွေ အရေအတွက်က လုပ်ပေးနိုင်တာထက် ပိုများနေပါတယ်။ မကြာသေးခင်က ရောက်လာသူအများစုကတော့ တော်တော်ထိတ်လန့် တုန်လှုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်မြောက်ပိုင်းတွင် သြဂုတ် ၂၅ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ၎င်းတို့အား လိုက်ဖမ်းသူများကြောင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းဖြစ်ကြောင်း မကြာသေးမီကရောက်ရှိလာသည့် ဒုက္ခသည်များက ပြောကြားသည်။ ၎င်းတို့ အများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ သူတို့၏ အိမ်များသည်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် UNHCR နှင့် ဆက်စပ်အဖွဲ့အစည်းများက ကူတာပါလောင်နှင့် နာရာပါရာစခန်းများသို့ ရောက်ရှိလာသည့် ဒုက္ခသည်များအတွက် အကာအကွယ်ပေးရေးနှင့် အသက်ကယ်တင်နိုင်ရေး အကူအညီများအပြင် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း၊ မီးဖိုဆောင်သုံးပစ္စည်း၊ ရေပုံး၊ ညသုံးမီးအိမ်၊ နေရောင်စွမ်းအင်သုံး မီးအိမ်နှင့် အခြားအကူအညီများ ပေးအပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
UNHCR အကြီးအကဲ ဖီလစ်ပိုဂရန်ဒီက ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ပြီး အရေးကြီးသည့် ဆောင်ရွက်မှုများအတွက် အာဏာပိုင်များနှင့် ဆွေးနွေးခဲ့သည်။
လောလောဆယ်အနေဖြင့် အရေးပေါ်အကူအညီများ အလျင်အမြန်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ဒူဂျာရစ်ကပြောသည်။
လာမည့် ၆ လအတွင်း နှစ်ပတ်လျှင်တစ်ကြိမ် ဆန် ၂၅ ကီလိုရရှိနိုင်ရန် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူ ၄၆ဝ,ဝဝဝ စာရင်းပေးထားကြောင်း၊ လက်ရှိတွင် လူ ၂ဝဝ, ဝဝဝ ကျော် စွမ်းအားဖြည့် ဘီစကွတ်များ အရေးပေါ်အကူအညီအဖြစ် ရရှိထားကြောင်း ၎င်းက ပြောသည်။
WFP အနေဖြင့် အစာအာဟာရချို့တဲ့စွာ ရောက်ရှိလာသည့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စိုးရိမ်နေပြီး လူ ၆ဝ,ဝဝဝ အတွက် အစားအစာများ ပေးပြီးဖြစ်ကြောင်း သိရသည်။
“ကော့ဘဇားမှာ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာန၏ ဌာနတစ်ခုအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူညီထားပါတယ်။ အဲဒီဌာနအနေနဲ့ အောက်ခြေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအခြေအနေ၊ ကြိုတင် သတိပေးမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု ဒူဂျာရစ်က ပြောသည်။