
ရန်ကုန် – အာဆီယံနိုင်ငံများက ပေးပို့လှူဒါန်းလိုက်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများလက်သို့ အမြန်ဆုံးပေးပို့သွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးစိုးအောင်က အောက်တိုဘာ ၁၆ တွင် ပြောသည်။
အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) က အောက်တိုဘာ ၁၃၊ ၁၅ ရက်နေ့များတွင် ရန်ကုန်မြို့သို့ ပေးပို့လိုက်သည့် ပစ္စည်းများထဲတွင် အမေရိကန် ဒေါ်လာ လေးသိန်းခွဲနီးပါး တန်ဖိုးရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ရွက်ဖျင်တဲ၊ လျှပ်စစ်ဖြန့်ဖြူးရေးပစ္စည်းတို့ ပါဝင်သည်ဟု သိရသည်။
“ရခိုင်ပြည်နယ်အစိုးရနဲ့ချိတ်ဆက်ပြီးတော့ ပစ္စည်းတွေကို နေရပ်စွန့်ခွာသူတွေလက်ထဲ အမြန်ဆုံးရောက်အောင် ကားတွေနဲ့ ဆက်ပို့ပေးနေပါတယ်။ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပါလေ ပိုကောင်းလေပါပဲ” ဟု ဦးစိုးအောင်က ပြောသည်။
အာဆီယံနိုင်ငံများ၏လှူဒါန်းမှုမတိုင်မီက အင်ဒိုနီးရှားနိုင်ငံကလည်း အထောက်အပံ့ပစ္စည်းများ ပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။
“အခုလို ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက ကျွန်တော်တို့လုပ်ငန်းတွေအပေါ်မှာ အားရတယ်၊ ကျေနပ်တယ်၊ ကျွန်တော်တို့ ဆောင်ရွက်မှုတွေကို ထောက်ခံအားပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ထောက်ခံအားပေးတယ် ဆိုတာက ဒုက္ခရောက်သွားတဲ့ မည်သူမဆို ကူညီပေးနေတဲ့ အပိုင်းတွေ၊ တာဝန်ယူပြီးဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေကို သူတို့တွေအနေနဲ့ သိတယ်၊ လက်ခံတယ်။ တခြားဟာတွေမှာကျတော့ ကျွန်တော်တို့က ဘာမှ လုပ်မပေးဘူးဆိုတဲ့ ပုံစံမျိုးတွေရှိတယ်လေ။ နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေ ပါလာလေ ပိုကောင်းလေပါပဲ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီဖက်ဒရေးရှင်း (IFRC) အဖွဲ့သုံးဖွဲ့ပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) ဆိုသည့် အမည်ဖြင့်လည်း ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ပေးနေကြောင်း ဦးစိုးအောင်က ဆက်ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း အတွက် နိုင်ငံသားများ၊ ပြည်တွင်း NGO နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီပေးရန် ကမ်းလှမ်းထားသည့် နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ နိပွန်ဖောင်ဒေးရှင်း ကဲ့သို့သော INGO အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ ပါဝင်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ယခုကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝိုင်းဝန်း ကူညီပံ့ပိုးမှုကို ကြိဆိုပြီး ရခိုင်ဒေသပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို အပြစ်တင်နေမည့် အစား ဝိုင်းဝန်းကူညီခြင်းဖြင့်သာ ပြေလည်နိုင်မည်ဟု ပြောသည်။
“(အခုလ ၁၄ ရက်နေ့ကလည်း) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့မိန့်ခွန်းထဲမှာ သူဆောင်ရွက်မယ့် လုပ်ငန်းစဉ်သုံးရပ်ကို ချပြခဲ့တယ်လေ။ ရခိုင်ပြည်နယ်ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်ဖို့အတွက် မိတ်ဖက်နိုင်ငံတွေ၊ ဒီပေါ်မှာ သဘောရိုးနဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ နိုင်ငံတွေကို ဖိတ်ခေါ်ထားတယ်လေ။ ဒီအပေါ်မှာ ချုပ်လိုက်ရင် အဲ့ဒီအချက် သုံးချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဝိုင်းပြီးကူညီဖို့ပဲ ရှိပါတယ်” ဟု သူကဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို Arakan Rohingya Salvation Army ဟု နာမည်ခံထားသည့် အကြမ်းဖက်အဖွဲ့အစည်းက ဩဂုတ်လကုန်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဒေသခံတိုင်းရင်းသားများ သောင်းနှင့်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု အစိုးရက ထုတ်ပြန်ထားသကဲ့သို့ ကုလသမဂ္ဂကလည်း ထိုဒေသတွင် နေထိုင်သူ သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။