သတင်း

သန်လျင် တာတမံကျိုး၊ ကြွက်တွင်းများကြောင့်ဖြစ်မည်ဟု ဆည်မြောင်းဌာန ယူဆ

ရန်ကုန် – နိုဝင်ဘာ ၂၆ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ ဇာမဏီဆည်၏ ရေဆိုးတားတာတမံ ၁၅ ပေခန့် ကျိုးပေါက်မှုကြောင့် အနီးရှိ လက်ယက်စမ်းကျေးရွာမှ နေအိမ် ၁၅၀ ခန့် ရေဘေးနှင့် ကြုံတွေ့ခဲ့ရသည်။

တာတမံကျိုးပေါက်ရခြင်းသည် ကြွက်တွင်းများကြောင့် ဖြစ်သည်ဟု လတ်တလောယူဆထားကြောင်း၊ အမြန်ဆုံး ပြန်လည်ဆည်ဖို့နိုင်ရန် ကြိုးစားနေကြောင်း ဆည်မြောင်းဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးကျော်ကျော်အောင်က ပြောသည်။

“ဆည်ရဲ့ တာဘောင်ကျိုးတာ မဟုတ်ပါဘူး။ ဆည်ထဲမှာ ရေလှောင်တဲ့အခါ အပြင်က ရေဆိုးတွေ မဝင်လာနိုင်အောင် တားထားတဲ့ တာတမံက ကျိုးတာပါ။ ဒီတာတမံအနီးပတ်ဝန်းကျင်မှာ လူတွေလာနေတဲ့အခါ လူတွေရဲ့ စားကြွင်းစားကျန်တွေကနေ ကြွက်တွေခိုအောင်းလာပြီး အဲဒီကနေတစ်ဆင့် တာရဲ့ ကြံ့ခိုင်မှုကို ထိခိုက်လာတာမျိုးပါ” ဟု သူက ဆိုသည်။

“အရင်က တစ်ခါမှ ဒီလိုမဖြစ်ခဲ့ပါဘူး။ အခုမှ ပထမဆုံးဖြစ်တာ။ အမှန်က ဆည်ရဲ့ ရေဝေရေလဲနေရာ ပတ်ဝန်းကျင်မှာ လူတွေမနေသင့်ပါဘူး။ ကျွန်တော်တို့ဆည်မြောင်းဘက်က ဆည်မြောင်းတာတမံဘေး လူနေအိမ်တွေကို စားရင်းကောက်ပြီး မနှစ်ကတည်းက သင့်တော်သလိုလုပ်ဖို့ သက်ဆိုင်ရာတွေကို ပေးပို့ပြီးသားပါ”

ပျက်စီးမှုကို ဒေသခံများ၊ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ တပ်မတော်သားများ ဝိုင်းဝန်းကူညီ ပြုပြင်နေကြသည်။

ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖုန်းကျော်သူက ပြောသည်။

လူဦးရေ ၃,၅၀၀ ဝန်းကျင် နေထိုင်သော ရွာတွင် ရေဘေးကြုံတွေ့သူ ၆၀၀ နီးပါးရှိကြောင်း၊ ရေကြီးမှုကြောင့် ထိခိုက်ဒဏ်ရာ၊ သေဆုံးမှု မရှိကြောင်း၊ ရေလွတ်ရာသို့ ရွှေ့ပြောင်းကြသူများသည် နီးစပ်ရာ ဆွေမျိုးသားချင်းတို့၏ နေအိမ်တွင် သွားရောက်နေထိုင်ကြကြောင်း သူက ဆက်ပြောသည်။

“မနက်က ရေက ရင်ခေါင်းလောက်အထိ ရောက်တာ။ နေ့လယ်လောက်ကြမှ ပေါင်လယ်လောက်အထိ ပြန်ကျသွားတယ်။ ကျေးရွာက အနိမ့်ပိုင်းတွေအားလုံး ရေမြုပ်ကြတာပေါ့။ ဘယ်အချိန် ရေပြန်ကျမလဲတော့ မသိသေးပါဘူး။ ကျွန်တော်တို့အတွက် သက်ဆိုင်ရာကလည်း ကျိုးပျက်နေတဲ့ တာတမံကို ပြန်ပြုပြင်ပေးနေပါတယ်” ဟု သူက ဆက်ဆိုသည်။

ဇာမဏီဆည်ကို ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး ရေဝေရေလဲဧက ၆၉၄ ဧက ရှိကြောင်း၊ ဆည်ပတ်ဝန်းကျင် ဆည်မြောင်းဌာနပိုင်မြေတွင် ကျူးကျော်နေထိုင်မှုများ ရှိနေကြောင်း လာရောက်ကူညီပေးနေသည့် အမှတ် ၁၄၆ ခြေလျင်တပ်ရင်းမှာ ဒုတိယ ဗိုလ်မှူးကြီးကျော်မျိုးထွန်းက ပြောသည်။

ကျိုးပျက်သွားသောနေရာကို ပြန်လည်ပြုပြင်နိုင်လျှင် နာရီပိုင်းအတွင်း ရေပြန်ကျသွားမည်ဟု သူက ဆိုသည်။

“တစ်ရွာလုံးကို ရေနစ်မြုပ်တဲ့အထိ ဖြစ်တာမှမဟုတ်တာ။ ဒီနေရာရဲ့အခြေအနေက တာဘောင်သာ ပြီးသွားခဲ့ရင် ခဏအတွင်း ဝင်ခဲ့တဲ့ရေတွေ ပြန်ကျသွားမှာပါ။ တာဘောင်ကို အခု ဘက်ဟိုးတစ်စီးနဲ့ မြန်မြန် ဆောင်ရွက်နေတယ်။ တစ်စီးနဲ့မရရင် နောက်ထပ်နှစ်စီးလည်း အဆင်သင့်ပြင်ထားတယ်” ဟု သူက ဆိုသည်။

“အဓိကကတော့ တာဘောင်အောက်ခြေမှာ ကြွက်တွင်းတွေကြောင့် ရေထူးပေါင်တွေဖြစ်ပြီး တာက တအိအိနဲ့ ပြိုကျပျက်စီးရတာ။ ဖြစ်ခဲ့တာလည်း အခု ၁၅ ပေလောက်ရှိတဲ့ တစ်နေရာတည်းပါ။ ကျန်တဲ့နေရာတွေ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့လည်း ထပ်စစ်ဆေးနေပါတယ်”

Show More

Related Articles

Back to top button