
(ရန်ကုန်) — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ငလပွေ့ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ဒီရေမြင့်တက်လာမှုကြောင့် တာတမံ ပေ ၃ဝ ခန့် ကျိုးပေါက်သွားပြီး အနီးပတ်ဝန်းကျင်ရှိ ငါးကန်များ၊ ကန့်စောင့်တဲများ ရေမြုပ်နေကြောင်း မြို့နယ် ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။
ပျက်စီးသွားသော တာတမံ (ဒေသအခေါ် ကာရီ) ကို အရေးပေါ် ပြုပြင်ရန် တခြား ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ဆည်းမြောင်းဦးစီးမှူး ဦးသက်လင်းထွန်းက ပြောသည်။
“အခုဆို ပေ သုံးဆယ်လောက် ရှိသွားပြီ။ ဒီရေ နောက်တစ်ကြိမ်မတက်ခင် အမြန်ဆုံးပြုပြင်နိုင်ဖို့ လိုပါတယ်။ ဘာ့ကြောင့်တာကျိုးတာတော့ လတ်တလော မသိသေးပါဘူး” ဟု တာကျိုးသည့်နေရာတွင် ရောက်ရှိနေသော ဦးစီးမှူးက ဆိုသည်။
နေ့လယ်ပိုင်း ဒီရေကျချိန်တွင် ဌာနဆိုင်ရာများ၊ ဒေသခံများက ပျက်စီးသွားသောနေရာတွင် တိုင်များရိုက်ပြီး သဲအိတ်များဖြင့် ကာ့ရံနေကြကြောင်း၊ မြို့ပတ်လမ်းရှိ နေအိမ်များထံသို့ ရေဝင်ရောက်ခဲ့ကြောင်း ကျောက်ဖြူမြို့၊ လေးဝတီ ကုလရက္ခိတ ပရဟိတအသင်း ဥက္ကဋ္ဌဖြစ်သူ ဦးဂျပန်ကြီးက ပြောသည်။
သေဆုံး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ တာကျိုးပေါက်ရာ ဝန်းကျင်ရှိ ဒေသခံများကို သိမ်တောင်ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းထားကြောင်း သူက ဆက်ပြောသည်။
“ရေက လေးမိုင်ကျော်လောက်အထိတော့ ရောက်သွားတယ်။ တာအနီးက အိမ်တွေကတော့ ကြမ်းပြင် ရေထိတဲ့အထိ ဖြစ်တယ်။ ကျန်တဲ့နေရာတွေကတော့ လမ်းရေမြုပ်တဲ့အဆင့်ပေါ့။ ကျွန်တော်တို့က သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေ အကုန် လုပ်နေပါတယ်။ ဒီတာကို ဒီညနေ ဒီရေမတက်ခင် အချိန်မီ ပိတ်နိုင်ရင်တော့ အဆင်ပြေမှာပါ။ အမီ ပိတ်နိုင်အောင်လည်း လုပ်နေကြပါတယ်” ဟု သူက ဆိုသည်။
ပြုပြင်မွမ်းမံမှု မလုပ်သည်မှာ ကြာပြီဖြစ်သည့်အတွက် ကျိုးပေါက်ရခြင်းဖြစ်မည်ဟု ယူဆကြောင်း၊ ဤအခြေအနေအထိ ပျက်စီးသည့် ဖြစ်ရပ်မျိုး ယခင်က မကြုံဖူးကြောင်း ဒေသခံတချို့က ပြောသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ဒီတာနဲ့ ဆက်လျက်ရှိတဲ့ တာတချို့ ကျိုးဖူးတယ်၊ ဒါပေမယ့် အများဆုံး ဆယ်ပေလောက်ပဲ။ အခုက အကြီးဆုံးပဲဗျ။ အဓိကကတော့ ဒီတာတွေကို ပြုပြင်ထိန်းသိမ်းမှု မလုပ်ခဲ့ကြတာပဲ” ဟု ကျောက်ဖြူမြို့ခံ ကိုထွန်းထွန်းနိုင်က ပြောသည်။
ယခုကျိုးပေါက်သည့်တာသည် နှစ်ပေါင်း ၄ဝ ကျော် သက်တမ်းရှိနေပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ယခုရက်ပိုင်းသည် ဒီရေအမြင့်ဆုံး အနေအထားဖြစ်သည့်အတွက်ကြောင့် ကျိုးပေါက်ခဲ့ရခြင်းဖြစ်ပြီး ဒေသခံများ အခက်အခဲမရှိစေရေးအတွက် အမြန်ဆုံး ဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။
“ဒီနေရာက ဟိုးအရင် ပုစွန်ကန်၊ ငါးကန်တွေအတွက်ဆိုပြီး သင်တန်းသားတွေ လက်တွေ့လုပ်ဖို့ လုပ်ခဲ့တဲ့နေရာဗျ။ တာက အဟောင်းကြီးပါ။ ဒီနှစ်ကလည်း ကျွန်တော်တို့ဒေသမှာ ဆယ်စုနှစ်အတွင်း ဒီရေ အမြင့်ဆုံးဆိုတော့ တာက မခံနိုင်ဘဲ ကျိုးတာပါ” ဟု သူက ဆိုသည်။
ပင်လယ်ကမ်းရိုးတန်းဒေသ ကျောက်ဖြူ၏ စိုက်ပျိုးရေးလုပ်ငန်းသည် တာတမံတို့ကို များစွာ အားကိုးနေရသည်။ တည်ဆောက်ထားသည့် တာတမံတို့ ပျက်စီးလျှင် ပင်လယ် ဆားငန်ရည် ဝင်ရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် –