ရန်ကုန်- ဒေသအသီးသီးမှ ရှေ့နေတို့ဖြင့် စုစည်းထားသည့် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းက တရားဥပဒေစိုးမိုးရေးအတွက် များစွာ လုပ်ကိုင်ရန် လိုအပ်နေသေးကြောင်း တနင်္လာနေ့တွင် ပြောလိုက်သည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားရုံး၊ ရဲစခန်းကဲ့သို့သော နေရာများအတွက်သာမက နေရာတိုင်းအတွက် လိုအပ်သည်ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။
“ဥပမာ နှစ်သီးစားပုဂ္ဂိုလ်များက လုပ်ငန်းဌာနတွေမှာ ဝင်ပြီး၊ အပေါ်ကနေ စီးပြီးတော့ နောက်လူတွေရဲ့ တက်လမ်းတွေ တားထားတဲ့ကိစ္စမျိုးက ဒါလည်း တရားဥပဒေ မစိုးမိုးတာပဲ။ လူတိုင်းက တန်းတူညီမျှရမယ်။ ကျွန်တော် ယူဆတာကတော့ ပဉ္စမံတပ်သားတွေဟာ လက်ရှိအစိုးရအဆောက်အအုံရဲ့ နေရာတကာမှာ အုံနဲ့ကျင်းနဲ့ ထုထည်နဲ့ ရှိနေတယ်၊ အဲဒါတွေကို ဖော်ထုတ်ရမယ်။ ဒီလိုလုပ်ငန်းတွေမှာ ကျွန်တော်တို့ ပါမယ်” ဟု ဦးသိန်းသန်းဦးက ပြောသည်။
တစ်နိုင်ငံလုံးရှေ့နေ အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း၊ အသင်းဝင် ပိုမို တိုးပွားလာရေး စည်းရုံးရဦးမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ပြည်နယ်၊ တိုင်း၊ ခရိုင်အဆင့် အမှုဆောင်အဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်း လုပ်ဆောင်နေရာ ယခုအခါ အသင်းဝင် လေးထောင်ကျော်ရှိနေသည်ဟု ဦးသိန်းသန်းဦးက ဆိုသည်။
“ရှေ့နေတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေကို သတ်မှတ်ပြဋ္ဌာန်းမယ်၊ အခွင့်အရေးတွေကို ကာကွယ်ဖို့ လိုအပ်တယ်၊ ရှေ့နေတွေရဲ့ ကျင့်ဝတ်သိက္ခာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်” ဟု ဦးသိန်းသန်းဦးက ဆက်ပြောသည်။
အသင်း၏ ရည်ရွယ်ချက်များထဲတွင် ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေးလည်း ပါဝင်သည်ဟု ဆိုသည်။
သက်တမ်း ၂ နှစ် ရှိလာပြီဖြစ်သည့် အသင်းသည် ဥပဒေအထောက်အကူ လိုအပ်သော လယ်သမားများအတွက် အခမဲ့ အကျိုးဆောင်ပေးခဲ့သည်ဟု သိရသည်။
မတရားကျင့်စော်ကားခံရသော ကလေးများအတွက် ဥပဒေပိုင်းဆိုင်ရာ အကျိုးဆောင်ပေးမည့်သူမရှိပါက လိုက်ပါ ကူညီနေသည်ဟု ဆိုသည်။
ရှေ့နေအသင်း၏ လုပ်ငန်းများကို ဒိန်းမတ်နိုင်ငံက ထောက်ခံ အားပေးလျက်ရှိသည်။ ရေရှည်တည်တံ့ရေး၊ ဘဏ္ဍာရေးအရ ကိုယ်တိုင် လွတ်လပ်စွာ ရပ်တည်နိုင်ရေး၊ ကတိကဝတ်ဆိုင်ရာ စံများ ကျင့်သုံးသည့် အသင်းကြီးအဖြစ် တိုးတက်လာရေးအတွက် ၃ နှစ်ကြာ ကူညီရန်အတွက် ရန်ကုန်မြို့ ဒိန်းမတ်သံရုံးက ရှေ့နေအသင်းနှင့် တနင်္လာနေ့တွင် နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ထိုးလိုက်သည်။
အသင်း၏ အနာဂတ် ဘဏ္ဍာငွေရလမ်းတွင် အသင်းဝင်ကြေး ကောက်ခံခြင်းလည်း ပါဝင်မည်ဟု သိရသည်။
ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်သက်နှင်းပွင့်က မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်းကို အမည် ကြားဖူးသော်လည်း မည်သို့သော အဖွဲ့အစည်းဖြစ်သည်ကို တိတိကျကျ မသိရသေးကြောင်း ပြောသည်။
“လုပ်ဖော်ကိုင်ဖက် မိတ်ဆွေထဲမှာလည်း အသင်းဝင်ထားတာ မရှိသေးပါဘူး။ လာပြီး စည်းရုံးတာမျိုးတော့ မရှိပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ ရည်ရွယ်ချက်တွေကို ကြည့်ပြီးမှ (အသင်းဝင်ရေး) စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု အထက်တန်းရှေ့နေ ဒေါ်သက်နှင်းပွင့်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။