သတင်း

နေရပ်ပြန်လိုသည့် ရိုဟင်ဂျာများ လုံခြုံရေးအာမခံချက် တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများက နေရပ်ပြန်ရေးအတွက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြန်ရောက်လျှင် အသက်အန္တရာယ်လုံခြုံမှုအတွက် အာမခံချက်ပေးရေး အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ အဖွဲ့နှင့် တက္ကနာမြို့ (Taknaf) တွင် မတ် ၁၅ မှစ၍ ရက်သတ္တပတ် တစ်ပတ်ကြာ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ရိုဟင်ဂျာနာမည်ကို တရားဝင်အသိအမှတ်ပြုရေး၊ မူလနေရပ်တွင် ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရရေး၊ နိုင်ငံအတွင်း နေထိုင်သော လူမျိုးအားလုံးနည်းတူ တန်းတူအခွင့်အရေး ရရေး ဆိုသည့် အချက်များကိုလည်း တောင်းဆိုကြသည်ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ အသက် ၄၀ ဝန်းကျင် ကာမာလ် ဆိုသူက ပြောသည်။

“ရိုဟင်ဂျာလူမျိုးတွေရဲ့ အမည်ကို ရိုဟင်ဂျာလို့ ပါလီမန်မှာ အသိအမှတ်ပြုပေးပြီး နိုင်ငံတော်အခြေပြုမှတ်တမ်းမှာ တရားဝင် မော်ကွန်းတင်ပေးရမယ်။ အခုတောင်းဆိုတဲ့အချက်တွေကို အပြည်အဝ လက်ခံပေးပြီးမှ ပြန်ဝင်လာမယ်လို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။

ရိုဟင်ဂျာများ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က အစိုးရနှင့် ဆွေးနွေးတိုင်ပင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရမှတစ်ဆင့် အဖြေပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။

ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်အစိုးရ ပေးပို့ထားသည့် ဒုက္ခသည် ၁၀၀၀ ဝန်းကျင် စာရင်းတွင် ပါဝင်သူများကို လာရောက် တွေ့ဆုံ စစ်ဆေးခြင်း ဖြစ်သည်။

စစ်ကောင်စီက ပြန်လာမည့် ရိုဟင်ဂျာတစ်ထောင်ဝန်းကျင်ကို လာမည့် ဧပြီလလယ်ပိုင်းတွင် ကျေးရွာ ၁၅ ရွာ၌ ပြန်လည်နေရာချထားပေးသွားမည်ဟု ပြောထားသည်။ 

ထို ၁၇ ဦးပါ စစ်ကောင်စီအဖွဲ့သည် မတ် ၂၂ က မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ခန့်ကို ပထမအသုတ်အဖြစ် လက်ခံရန် စစ်ဆေးရာ ၇၁၁ ဦး အတည်ပြုနိုင်ခဲ့ပြီး ကျန် ၄၀၀ ကျော်ကို ဆက်လက်စိစစ်နေဆဲဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းနေ့မှာပင် AFP သတင်းဌာနကို ပြောထားသည်။

လက်ရှိစစ်ကောင်စီက ပြန်လည်လက်ခံရေး ဆောင်ရွက်ရန် ကြိုးပမ်းနေသည့် လူဦး‌ရေ ၁၀၀၀ ကျော်မှာ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက နေရပ်ပြန်ရန် စာရင်းပေးထားသူများဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ၃၄ ခုတွင် ခိုလှုံနေသူတို့ မူလနေရာသို့ ပြန်နိုင်ရေးအတွက် စစ်ကောင်စီက စီစဉ်နိုင်မည်ဆိုသည်ကို အယုံအကြည်မရှိကြောင်း ရိုဟင်ဂျာများက ပြောထားကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီအဖွဲ့ UNHCR က ထိုနေရပ်ပြန်ရေးမှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီမှုဖြင့် လုပ်ဆောင်နေသည့် ဒုက္ခသည်လွှဲပြောင်းရေး စမ်းသပ်အစီအစဉ်တစ်ခုသာ ဖြစ်ပြီး UNHCR မပါဝင်ကြောင်း မတ် ၂၁ က ထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်တွင် မောင်တောဒေသရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားများကို သတ်ဖြတ်၊ အိမ်မီးရှို့ရာ ရိုဟင်ဂျာ ၇ သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည်။

ထိုရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆိုထားရာ အရပ်သားအစိုးရ (NLD) လက်ထက်ကတည်းက အမှုရင်ဆိုင်ခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လအတန်ကြာတွင် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဟု စစ်ကောင်စီဘက်က ပြောဆိုလာကာ ဇွန်လအတွင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ဖြင့် ICJ အမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ခြင်းဆိုင်ရာကော်မတီကို အသစ်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ဒီဇင်ဘာတွင် စစ်ကောင်စီ၏ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့က ရခိုင်ပြည်နယ်ရှိ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၊ လှဖိုးခေါင် ယာယီနေရာချထားရေးစခန်း စသည့် နေရာများသို့ သွားရောက်ခဲ့ကြသည်။

ထို့နောက် ယခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် ခုံရုံးစစ်ဆေးရေးအဖွဲ့အသစ် ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီဝန်ကြီးများလည်း ဖေဖော်ဝါရီအတွင်း ရခိုင်သို့ သွားရောက်ခဲ့ကြသည်။

ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဒေသအတွင်း ပဋိပက္ခများ ပြန်ဖြစ်လာမည်ကို မလိုလားကြောင်း၊ ရိုဟင်ဂျာတို့ တောင်းဆိုသည့် နိုင်ငံသားဖြစ်ရေးမှာ သဘာဝကျကြောင်း ပြောသည်။

“တောင်းဆိုမှုတွေက အရင်တုန်းကလည်း ရှိခဲ့တာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ့်ရခိုင်ပြည်ရဲ့ အခြေအနေအရ ပြန်ပြီးတော့ ပဋိပက္ခဖြစ်လာမှာကိုလည်း မလိုလားပါဘူး။ ဒါကြောင့် အဓိက နိုင်ငံသားဖြစ်ဖို့ကိုပဲ ဦးတည်ပြီး ဆောင်ရွက်တာက သဘာဝကျပါတယ်” ဟု သူက ဆိုသည်။

ဆက်လက်၍ “အရင်အစိုးရလက်ထက် ကိုဖီအာနန်ကော်မရှင်ဖွဲ့တုန်းကလည်း ရခိုင်က ပါတီပုဂ္ဂိုလ်တွေကို ဖယ်ပြီးတော့ သူတို့ဘက်က လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ဒီနေ့အချိန်မှာလည်း ရခိုင်ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေ၊ ရခိုင်ပြည်သူလူထုက လိုလား‌တဲ့အဖွဲ့အစည်းတွေက ဒီကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပြီးတော့ ဆွေးနွေးတိုင်ပင်ခြင်း၊ အဖြေရှာခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ဒေသအခြေစိုက် အင်အားကြီးလက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေသော ရိုဟင်ဂျာများ ရခိုင်ပြည်နယ်ဘက်သို့ ပြန်လာစေရန် အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေသည်ဟူသော အစီအစဉ်သည် ဟန်ပြသက်သက်သာ ဖြစ်နိုင်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်က ပြောထားသည်။

ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသူ ကာမာလ်ကလည်း ၎င်းတို့ နေရပ်ပြန်ရေးကို ဗန်းပြ၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်ခြေရှိသည်ဟု ဆိုသည်။

“စခန်းအားလုံးက လူတွေကို စစ်ဆေးခဲ့တာ မဟုတ်ပါဘူး။ အလကားပါ။ သူတို့က ICJ မှာ ခံရမဲ့ ကိစ္စတွေလည်း ပါတယ်။ ဒါကို ကြောက်လို့ ဟန်ပြလုပ်နေတာ” ဟု သူက ဆိုသည်။

ဥပဒေဘောင်အတွင်းမှ တောင်းဆိုခဲ့သည့် အချက်များကို စစ်ကောင်စီအနေဖြင့် လက်ခံအသိအမှတ်ပြုမပေးပါက နိုင်ငံတကာဥပဒေနှင့်အညီ ဆက်လက်တောင်းဆိုသွားမည်ဟု အထက်ပါ ဒုက္ခသည် အမျိုးသားက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button