သတင်း

ကရင်နီဒေသ စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် အထိနာဟုဆို

ကရင်နီဒေသသို့ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်တွင် သေဆုံးမှု များပြားနေသည်ဟု ဒေသတွင်း ခုခံနေသူများက ပြောသည်။

မတ်လ ပထမပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတို့တွင် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) ၏ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်၏ အဆိုအရ မတ်လ ၇ ရက်နေ့မှ မတ်လ တတိယပတ်အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးသည်၊ ကရင်နီပူးပေါင်းတပ်ဘက်က ပြောက်ကျားတိုက်ခိုက်နည်းဖြင့် ခုခံစစ်ဆင်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ဘက်က ပြန်ခုခံတော့ သူတို့ ပြန်ပြန်ဆုတ်ပြီးတော့မှ ပြန်လာတယ်၊ အဲဒီလိုဖြစ်နေတယ်။ အကျအဆုံးကတော့ တော်တော်များပြီ။ ဖြတ်တိုက်တာတို့၊ ပြောက်ကျားပစ်တာတို့ လက်ဖြောင့်တပ်သားနဲ့ ပစ်တာတို့၊ သူတို့ မိုင်းနင်းတာတို့ ဒဏ်ရာရပြီးတော့မှ ကျတာတို့ပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ရှမ်းပြည်နယ်အခြေစိုက် တပ်ရင်း ၁၁ ခု တွင် အင်အားဖြည့်ထားရာ ဒေသတွင်း ရှိရင်းစွဲ စစ်ကောင်စီတပ်ရင်းများနှင့် ပေါင်းပါက အင်အား ၂,၀၀၀ ခန့် ရှိနိုင်ကြောင်း ခူးညေးရယ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ မတ်လ ၁၀ မှ ၁၂ အတွင်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးတစ်ဦးအပါအဝင် ၈၇ ဦး သေဆုံးသည်ဟု ဆိုသည်။

မတ်လ ၂၁ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးကြောင်း ခူးညေးရယ်က ဆိုသည်။

“ကျွန်တော်တို့ကတော့ ပြည်နယ်က ငယ်ငယ်လေးပါပဲ။ ဒါပေမဲ့ စိတ်ဓာတ်က ရှိကြပါတယ်။ ထိုးစစ်ရှိရင်တော့ ခံစစ်က တန်ပြန်ရှိမှာပဲ” ဟု ၎င်းက ပြောသည်။

 နိုင်ငံအနှံ့  ၂ နှစ်ကျော်ကြာ တိုက်ပွဲများကြောင့် စစ်ပန်းနေသည့် အာဏာသိမ်းတပ်ဘက်မှ သေဆုံးမှုအရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း ထိုဖြစ်ရပ်အများစုကို သတင်းအမှောင်ချထားဆဲဖြစ်သည်။

နေပြည်တော်နှင့် ကားလမ်းခရီး ၃ နာရီခန့်သာ ကြာသည့် ပင်လောင်းမြို့နယ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေပြီး ထိုမြို့နယ်ရှိ နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် အရပ်သား ၂၂ ဦးနှင့် သံဃာ ၃ ဦး သတ်ဖြတ်ခံရသည်။

ဖေဖော်ဝါရီလမှစ၍ ကယားပြည်နယ် ဘောလခဲမြို့နယ်ရှိ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် နေရာများတွင်လည်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ကယားပြည်နယ်သည် စစ်ကောင်စီရုံးစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေပြည်တော်နှင့် ကားလမ်းခရီး ၅ နာရီခန့်သာ ကွာဝေးသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ယခုကဲ့သို့ အင်အားဖြည့် ထိုးစစ်ဆင်လာကြောင်း KMIC ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က သုံးသပ်သည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်ကောင်စီထိုးစစ်ကြောင့် ဒေါတမကြီးကျေးရွာအုပ်စုရှိ ဒေသခံ ၆,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

လူဦးရေ သုံးသိန်းကျော်သာ ရှိသည့် ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ဘေးရှောင် နှစ်သိန်းခွဲအထိ ရှိလာပြီဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းတောင်ဒေသတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရှမ်းပြည်နယ်တော်လှန်ရေးလူငယ်များအင်အားစု (SSRY) တို့ပူးပေါင်း လှုပ်ရှားနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button