ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒေသ (ကယားပြည်နယ်) တွင် စစ်ကောင်စီက စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း နှစ်သိန်းခွဲအထိ ရှိလာပြီဖြစ်ကြောင်း ဒေသခံ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသူများ ဖြစ်ကာ နှစ်သိန်းခွဲအရေအတွက်မှာ ယခုလ တတိယပတ်အတွင်း ပြန်လည်ကောက်ယူထားခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ပြည်နယ်မြို့တော် လွိုင်ကော်အနောက်ဘက်ရှိ ဒီးမော့ဆိုအပြင် ထိစပ်နေသော ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးနေကာ ဒေသခံတော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည်။
တောတောင်များနှင့် လွိုင်ကော်မြို့ပေါ်၌ တိမ်းရှောင်နေသူများရှိသည့်နည်းတူ နယ်မြေချင်းထိစပ်နေသော ရှမ်းပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေရသူများလည်းရှိသည်ဟု ကျေးရွာအုပ်စုမှူးများနှင့် ချိတ်ဆက်ကာ စာရင်းကောက်ယူနေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
“စစ်ရှောင်စခန်းတွေကို ရောက်ပြီး အနည်းဆုံး တစ်လလောက်ရှိမှ ကိန်းဂဏန်းက ငြိမ်တယ်ပေါ့။ မြေပြင်မှာ စစ်တမ်းကောက်ယူဖို့က လနဲ့ချီပြီး ကြာပါတယ်” ဟု ထိုအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဒီးမော့ဆိုနှင့် ဖရူဆိုတွင် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီးမော့ဆိုနဲ့ ဖရူဆို မြို့လုံးကျွတ် စစ်ရှောင်နေကြရတယ်။ တောထဲတောင်ထဲတွေမှာ စစ်ရှောင်နေကြရပြီ။ အရပ်သားတွေ လုံးဝမရှိတော့တဲ့ မြို့တွေပေါ့”
ယခုလ ၁၁ ရက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းများကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ ဒေါတမကြီး၊ ဒေါညေးခူ၊ ဒေါဆိုဖျ စသည့် ကျေးရွာပေါင်း ၇ ရွာမှ ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖရူဆိုမြို့တွင်းမှ အိုးအိမ်စွန့်ခွာခဲ့ရသူ အရေအတွက်သည်လည်း ၆၀၀၀ ခန့်ရှိသည်ဟု သိရသည်။
စစ်တပ်က လမ်းများပိတ်ဆို့ထားသဖြင့် ဆန်နှင့် ရိက္ခာ သယ်ယူရန် အခက်အခဲဖြစ်နေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“အဆိုးရွားဆုံးကြုံရတာ မိခင်နဲ့ ကလေးတွေပဲ။ ရေရှည်အကျိုးသက်ရောက်မှုတွေ များလာမယ်။ ပိုဆိုးဝါးလာမယ်လို့ ကျွန်တော်တို့ ခန့်မှန်းတယ်”
စစ်ကောင်စီတပ်က ဆက်သွယ်ရေးလမ်းကြောင်းများတွင် ဆေးဝါးပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများကိုပင် သယ်ယူခွင့်မပေးဘဲ ဖျက်ဆီးပစ်သည်ဟု KNDF တာဝန်ရှိသူကလည်း ပြောသည်။
အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ခုခံနေသည့် ဒေသများအနက် ကရင်နီဒေသလည်း အပါအဝင်ဖြစ်ကာ တိုက်ပွဲများ အဆက်မပြတ်ဖြစ်နေသည်မှာ ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက ဖြစ်သည်။ ပြီးခဲ့သည့်လတွင် ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော်အနီး ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထို့နောက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လျက်ရှိရာ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ဘက်မှ စစ်ကြောင်း ၄ ကြောင်း၊ လွိုင်ကော်ဘက်မှ စစ်ကြောင်း ၂ ကြောင်း၊ ဘောလခဲမြို့နယ်ဘက်မှ စစ်ကြောင်း ၃ ကြောင်း၊ ဒီးမော့ဆိုတွင် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု KNDF ထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)