မြေယာကျော်နင်းမှုဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က လွန်ခဲ့သည့် လေးနှစ်ကတည်းက တရားစွဲဆိုခြင်းခံထားရသည့် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ လယ်သမား ၃၃ ဦး၏အမှုတွင် ကျောက်တန်းမြို့နယ်တရားရုံးက လယ်သမား ၃၃ ဦးအား ငွေဒဏ် ကျပ် ၅၀၀ စီ ပေးဆောင်ရန် ယနေ့ အမိန့်ချလိုက်သည်။
အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံကိန်းတည်ဆောက်ရန်ဟုဆိုကာ ကျောက်တန်းမြို့နယ်ရှိ လယ်ဧက ၆၀၀ ကျော်ကို ၁၉၉၆-၉၇ ခုနှစ်က တစ်ဧက ကျပ်၂၀,၀၀၀ နှုန်းဖြင့် သိမ်းဆည်းခဲ့ပြီးနောက် ပုဂ္ဂလိကကုမ္ပဏီများသို့ အဆင့်ဆင့် လက်လွှဲပြောင်းပေးခဲ့သော်လည်း မည်သည့်စီမံကိန်းမျှ စတင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ နောက်ဆုံး လက်လွှဲယူခဲ့သည့် ကုမ္ပဏီမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဖြစ်သည်။
စီးမံကိန်းမဆောင်ရွက်သည့် အဆိုပါလယ်ယာမြေများပေါ်တွင် မူလလယ်သမားများက ဆက်လက် စိုက်ပျိုးလုပ်ကိုင်ခဲ့သဖြင့် MEC က မြေယာကျော်နင်းမှုဖြင့် တရားစွဲဆိုခဲ့ရာမှ တရားရုံးက တရားစွဲခံ လယ်သမား ၃၃ ဦးတို့အား ဒဏ်ငွေ ချမှတ်ခဲ့ခြင်းဖြစ်သည်။
လယ်သမားများ၏တရားမျှတမှုနှင့် မြေယာအခွင့်အရေး ဆုံးရှုံးမှုမရှိစေရန် အထက်ရုံးသို့ အယူခံ ဆက်လက်ဝင်သွားမည်ဖြစ်ကြောင်း တရားစွဲဆိုခံ တောင်သူလယ်သမားများ၏ ရှေ့နေ ဒေါ်သန်းသန်းအေးက Myanmar Now ကို ပြောသည်။
“တရားရုံးအမိန့်ကိုတော့ ဘာမှ မပြောလိုဘူး။ ဒီMEC ဆိုတာက စစ်တပ်နောက်ခံရှိတဲ့ကုမ္ပဏီပေါ့။ သူတို့ဆီမှာရှိတဲ့ဝန်ထမ်းတွေက အများအားဖြင့် စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ဝန်ထမ်းတွေပါတာပေါ့။ MEC က အငြိမ်းစားဗိုလ်မှူးကြီးကနေ ညွှန်ကြားလို့ သူတို့က တရားစွဲရတယ်လို့ ပြောတယ်။ အမှုရဲ့နောက်ခံကြည့်မယ်ဆိုရင် ၁၉၉၆- ၉၇ လောက်က စီမံကိန်းလုပ်မယ်ဆိုပြီး မြေကိုသိမ်းတယ်ပေါ့။ နှစ်ပေါင်းကလည်း ၂၀ ကျော်နေပြီ။ ဒီအချိန်မှာမှ အစိုးရဘက်က ဘာစီမံကိန်းမှ မလုပ်တဲ့အတွက် ဒီတောင်သူတွေရဲ့တရားမျှတမှုနဲ့ မြေယာအခွင့်အရေး မဆုံးရှုံးဖို့အတွက် ကျွန်မတို့က ဆက်တက်ဖို့ရှိပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် လယ်ယာမြေဥပဒေအရ သိမ်းဆည်းပြီးမြေတွင် လေးနှစ်အကြာထိ မည်သည့်စီမံကိန်းမျှ စတင်ခြင်းမရှိပါက မူလမြေယာပိုင်ရှင်သို့ ပြန်လည် အပ်နှံရမည်ဟု ဥပဒေပါပြဋ္ဌာန်းထားပြီး အကျုံးဝင်ကြောင်း ၎င်းက ပြောသည်။
စီမံကိန်းတည်ဆောက်မည်ဟုဆိုကာ သိမ်းဆည်းခဲ့ပြီး မစတင်သဖြင့် မူလတောင်သူလယ်သမားများက ယင်းမြေနေရာပေါ်တွင် တစ်ဖန် ပြန်လည် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး နှစ်စဉ် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ လယ်ခွန်မြေပြေစာကြေး ပေးဆောင်ခဲ့ကြောင်း၊ လယ်သမားများအနေဖြင့် ဖယ်ရှားပေးရန် အစီအစဉ် မရှိကြောင်း တရားစွဲဆိုခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးဇော်ထွန်းက ပြောသည်။
“ဘယ်သူကမှတော့ ထွက်ပေးမှာမဟုတ်ဘူး။ ဆက်လုပ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က သူတို့တရားဝင်ထုတ်ထားတဲ့ အိုးအိမ်က မြေခွန်ပြေစာတွေလည်း လက်ထဲမှာ တရားဝင်ရှိတယ်။ နောက်ပြီး လယ်တွေက ဘိုးဘွားပိုင်တွေပါ။ အဲဒီတုန်းကတော့ အစိုးရကနေပြီး ဖွံ့ဖြိုးရေးအတွက် လုပ်တဲ့အတွက် လယ်သမားကလည်း နိုင်ငံတော်ဖွံ့ဖြိုးဖို့အတွက် တစ်သက်လုံး လုပ်ကိုင်စားတဲ့ ကိုယ့်မြေကြီးကနေ ထွက်ခွာပေးခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC မှ အဆိုပါ ဧက ၆၀၀ အနက်မှ ၁၀၈ ဒသမ ၂၅ ဧကတွင် သင်္ဘောဖျက်စက်ရုံတစ်ရုံကို ၂၀၀၂ ခုနှစ်အတွင်း လာရောက်တည်ဆောက်ခဲ့ရာ သက်ဆိုင်ရာ လယ်သမားများ ဖယ်ရှားပေးခဲ့ရပြီး ကျန်ရှိသော မြေဧကများအား ၎င်းတို့ပိုင်ဆိုင်သည့်မြေဟုဆိုကာ MEC တောင်သူလယ်သမားများထံမှ တစ်ဧကလျှင် စပါးလေးတင်း သတ်မှတ်ကြေး ထားကာ သီးစားခ ကောက်ခံခဲ့သည်ဟု ၎င်းက ဆိုသည်။
မြေယာအငြင်းပွားမှုများ လျော့နည်းလာစေရန် အစိုးရအနေနှင့် မြေယာသိမ်းဆည်းခြင်းလုပ်ငန်းစဉ် များတွင် စနစ်တကျလုပ်ကိုင်သင့်ကြောင်း နစ်နာသူများ၏ရှေ့နေ ဒေါ်သန်းသန်းဌေးက အကြံပြုသည်။
“တရားရေးမဏ္ဍိုင်ကနေ ထိန်းကျောင်းတည့်မတ်ပြီး ဖြေရှင်းဆောင်ရွက်တာ။ နောက်တစ်ခုကကျတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ကနေပြီး ဖြေရှင်းဆောင်ရွက်ပေးတာ။ အုပ်ချုပ်ရေးမဏ္ဍိုင်ကကျတော့ ကျွန်မတို့ ပြန်လည်စိစစ်ရေးကော်မတီတွေ၊ လယ်ယာမြေနှင့်အခြားမြေများပြန်လည်စိစစ်ရေးကော်မတီတွေက တိတိကျကျ ပြန်ပြီးအလုပ်လုပ်တယ် ဆိုရင်တော့ ကျွန်မတို့ ပြဿနာတွေ လျော့နည်းနိုင်တယ်” ဟု ပြောသည်။
ခရိုင်တရားရုံးသို့ နှစ်လအတွင်း အယူခံတက်နိုင်မည်ဟု ဆိုသည်။



