အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်သော ဂျာခန်းပြည်နယ်တွင် ၁၇နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အဓမ္မကျင့်ခံရပြီးနောက် မီးတင်ရှို့ခံရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ရဲက ပြောကြားသည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒေသခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်းသိရသည်။
ဤမှုခင်းသည် ဂျာခန်းပြည်နယ်တွင် ရက်အနည်းငယ်အတွင်း ဖြစ်ပွားသော ဒုတိယမှုခင်းဖြစ်သည်။ အဓမ္မကျင့်ပြီး အရှင်လတ်လတ် မီးတင်ရှို့ခြင်းခံခဲ့ရသော ဆယ်ကျော်သက် မိန်းကလေးနောက်တစ်ဦးသည် လွန်ခဲ့သော တနင်္ဂနွေနေ့တွင် သေဆုံးခဲ့ကြောင်း ရဲကပြောသည်။
ထိုပြစ်မှုနှစ်ခုမှာ ဆက်စပ်မှုရှိသည်ဟု ရဲဌာနက ထုတ်ပြန်ခြင်းမရှိပေ။ ရက်စက်ကြမ်းကြုတ်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကြောင့် အိန္ဒိယတစ်နိုင်ငံလုံး တုန်လှုပ်နေချိန်တွင် ထိုပြစ်မှုနှစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုပြစ်မှုများစွာထဲပါဝင်သော ပြစ်မှုတစ်ခုတွင် ကျူးလွန်ခြင်းခံရသူမှာ အသက် ရှစ်နှစ်အရွယ် ကချ်မီးယားဒေသမှ မွတ်စလင်မိန်းကလေးတစ်ဦး ဖြစ်သည်။ ထိုရှစ်နှစ်အရွယ်မိန်းကလေးမှာ ဇန်နဝါရီလတွင် အုပ်စုလိုက် အဓမ္မကျင့်ခံရပြီး ဆေးခတ်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ထိုပြစ်မှုကို ကျူးလွန်သော တရားခံ ဟိန္ဒူအမျိုးသားရှစ်ဦးကို လူမျိုးစုကြားစိတ်ဝမ်းကွဲမှုကြောင့် ပန်ဂျပ်ပြည်နယ်တွင် ရုံးတင်စစ်ဆေးရန် နိုင်ငံတော်တရားရုံးချုပ်က တနင်္လာနေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ဂျာခန်းတွင် ဖြစ်ပွားခဲ့သော နောက်ဆုံးဖြစ်စဉ်တွင် ကျူးလွန်ခြင်းခံရသော မိန်းကလေးသည် ခန္ဓာကိုယ်၏ ၉၅ ရာခိုင်နှုန်းတွင် မီးလောင်ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆေးကုသမှု ခံယူနေရကြောင်း ရဲက ဘီဘီစီဟိန္ဒူဌာန၏ ရာဗီပရာကချ်အား ပြောကြားခဲ့ပါသည်။
“တရားခံပြောတာကတော့ သူပြစ်မှုကျူးလွန်ခဲ့တဲ့ မိန်းကလေးကို သူက လက်ထပ်ချင်ပေမဲ့ မိန်းကလေးက အဆင်သင့် မဖြစ်သေးလို့ပါတဲ့” ဟု ရဲအမှုထမ်း ရှာလန်ဒရာဘန်ဝဲက ပြောသည်။ တရားခံသည် ပခါနယ်၏ ရွာတစ်ရွာတွင်ရှိသော မိန်းကလေး၏ ဆွေမျိုးနေအိမ်တွင် မိန်းကလေးကို သောကြာနေ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တရားခံ၏နေအိမ်သည် အနီးအနားတွင် တည်ရှိသည်။
ရဲ၏ပြောကြားချက်အရ တရားခံသည် မိန်းကလေးတစ်ဦးတည်းရှိနေသည့် အချိန်ကို စောင့်၍ အိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး မိန်းကလေးကို အဓမ္မကျင့်ကာ အရှင်လတ်လတ် မီးရှို့ခဲ့သည်။
မိန်းကလေး၏ အော်ဟစ်သံကို ကြားသော အိမ်နီးချင်းများက ထိုနေအိမ်သို့ အပြေးအလွှား သွားရောက်ခဲ့ပြီး မိန်းကလေးကို ဆေးရုံသို့တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်နယ်အတွင်း အရင်ဖြစ်ပွားခဲ့သော အဓမ္မကျင့်ပြီး မီးတင်ရှို့မှုနှင့် ပတ်သက်၍ အဓိကတရားခံဟု ယူဆရသူနှင့် အပေါင်းအပါ ၁၄ ယောက်ကို ဖမ်းဆီးရမိထားပြီဖြစ်သည်။ ထိုပြစ်မှုသည် ပခါနယ်မှ ၂၃၆မိုင် အကွာအဝေးတွင်ရှိသော ချာထရာနယ်တွင် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကချ်မီးယားနှင့် ဥတ္တရာ ပရာဒတ်ချ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ထိတ်လန့်တုန်လှုပ်စရာ ပြစ်မှုများသည် အိန္ဒိယနိုင်ငံသားများကို လွန်စွာ အမျက်ထွက်စေခဲ့သည်။
ထိုဖြစ်စဉ်များအပေါ် ပြည်သူလူထုက ဆန္ဒပြမှုများ ပြုလုပ်လာပြီးနောက် အစိုးရဝန်ကြီးအဖွဲ့က ကလေးငယ်များကို အဓမ္မမှုကျူးလွန်သည့် တရားခံများကို သေဒဏ်ပေးရန် အတည်ပြုပေးခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ရာဇဝတ်မှုကြီး အတော်များများအတွက် သေဒဏ်ချမှတ်ထားပြီးဖြစ်သော်လည်း သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ချမှတ်ခြင်းမှာ ယခုမှသာ အတည်ပြုခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် ၂၀၁၆ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှု စုစုပေါင်းမှာ ၄၀ ၀၀၀မှုခန့်ရှိသည်ဟု ထုတ်ပြန်ထားသည်။
သို့ရာတွင် ဂုဏ်သိက္ခာညှိုးနွမ်းမည် စိုးသောကြောင့် သတင်းပေးတိုင်ကြားခြင်းမရှိသော မုဒိမ်းမှုများစွာ ရှိနိုင်သည်ဟုယုံကြည်ယူဆရပါသည်။