သတင်း

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းကျဆင်းရန် စီမံချက်များဆောင်ရွက်ရန်ရှိဟုဆို

(ရန်ကုန်) – စက်သုံးဆီဈေးနှုန်းမြင့်မားနေမှု ကျဆင်းရန်နှင့် ကမ္ဘာ့ပေါက်ဈေးအတိုင်း ထိန်းညှိနိုင်ရန်အတွက် စီမံချက်များဆောင်ရွက်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မေ ၈ ရက်နေ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ စီးပွားရေးတိုးတက်မှုနှင့် ကုန်ဈေးနှုန်းကျဆင်းရေးဆိုင်ရာ မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“စက်သုံးဆီများဟာ ဈေးနှုန်းများကြီးမြင့်နေတယ်။ လက်ဝါးကြီးအုပ်တာတွေ ရှိနေလား ဆိုတာကိုတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့လည်း ဂရုပြုမိပါတယ်။ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းဖို့ကိုလည်း အစီအမံတစ်ရပ် ချမှတ်ပြီးတော့ ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစီအစဉ် ရှိပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ဈေးနှုန်းများမဟုတ်ဘဲနဲ့ ကမ္ဘာ့ပေါက်ဈေးနဲ့ညီမျှတဲ့ ဈေးနှုန်းဖြစ်ဖို့အတွက်လည်း တိုင်းဒေသကြီးအစိုးရအနေနဲ့ အစီအမံများ ချမှတ်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ဝန်ကြီးက ဆိုသည်။

ထို့ပြင် ကုန်ကြမ်းစရိတ်ကျဆင်းရေး၊ သယ်ယူပို့ဆောင်ခ ကျဆင်းရေးနှင့် တစ်ဦးချင်း ထုတ်လုပ်မှုစွမ်းရည် တိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရန်ရှိကြောင်း၊ သယ်ယူပို့ဆောင်ခ ကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အချို့တံတားဖြတ်သန်းခ ကောက်ခံမှုများ ရပ်ဆိုင်းခဲ့ပါကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။

“ပုဂ္ဂလိကဆီဆိုင်များဟု ဆိုသော်လည်း ဆီဆိုင်များအားလုံး ဈေးနှုန်းတူညီစွာ ရောင်းချနေခြင်းက လက်ဝါးကြီးအုပ်စနစ်တစ်ခု ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းကို လက်ဝါးကြီးအုပ်ထားခြင်းက ကုန်ဈေးနှုန်းကြီးမြင့်ဖို့အတွက် အဓိကတွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်”ဟု ဦးလှဌေးက ဆိုသည်။

လက်ရှိ စက်သုံးဆီ တစ်လီတာ ဈေးနှုန်းများမှာ အောက်တိန်း 92 ရန်ကုန်ဈေး ကျပ် ၈၀၀ ကျော်နှင့် နယ်ဈေး ကျပ် ၉၀၀ ကျော်၊ အောက်တိန်း 95 နှင့် ပရီမီယံဒီဇယ်ဆီ ရန်ကုန်ဈေး ကျပ် ၈၅၀ ကျော်နှင့် နယ်ဈေး ကျပ် ၁၀၀၀ ဝန်းကျင်၊ ရိုးရိုးဒီဇယ်ဆီ ရန်ကုန်ဈေး ကျပ် ၈၀၀ ကျော်နှင့် နယ်ဈေး ကျပ် ၁၀၀၀ ဝန်းကျင်ဖြင့် လက်လီရောင်းချလျက် ရှိသည်။

နိုင်ငံတကာ လောင်စာဆီကုမ္ပဏီများ ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ယမန်နှစ်များအတွင်း ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ကန့်ကွက်မှုကြောင့် ဖြစ်မလာသေးပေ။

Show More

Related Articles

Back to top button