သတင်း

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ခေါင်းဖြတ်ပြီး လူထုကြောက်ရွံ့အောင်လုပ်

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၊ ရွာလုံးကျွတ်မီးရှို့ပြီး ဖမ်းမိသူများကို သတ်ဖြတ်နေသော်လည်း လက်နက်ကိုင်တော်လှန်ရေး ဆက်လက်အားကောင်းနေသဖြင့် ခေါင်းဖြတ်၊ ခြေဖြတ် လူမဆန်သည့် အပြုအမူများကို ကျူးလွန်နေရာ ယမန်နေ့တွင် ဖမ်းဆီးခံရသည့် ကင်းထောက်လူငယ်နှစ်ဦးကို ပစ်သတ်ခဲ့ပြီး ၎င်းတို့အနက် တစ်ဦးကိုမူ ခေါင်းဖြတ်သတ်ခဲ့သည်။

ယမန်နေ့ (မတ် ၁၃) နေ့လယ်ခင်း၌ အင်အား ၁၂၀ ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ရွှေဘိုမြို့အနီး အမှတ် (၈) စစ်လေ့ကျင့်ရေးကျောင်းသို့ ဦးတည်ကာ တောလမ်းအတိုင်း လာစဉ် ခင်ဦးမြို့ သံပိုကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ကိုသက်နိုင်ဖြိုး (ခ) ယက္ခနှင့် ဒေသခံအရပ်သား အသက် ၂၀ အရွယ် ကိုကျော်ရဲတို့က ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်ကြည့်စဉ် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့နှစ်ဦးမှာ ခင်ဦးမြို့အရှေ့ဘက် ၄ မိုင်ကျော်ခန့်အကွာ သံပိုရွာအပြင်ဘက်၌ ဖမ်းဆီး အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သတ်ဖြတ်မှုဖြစ်ပြီး မကြာမီ ၎င်းတို့ရုပ်အလောင်းများကို တွေ့ရှိခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။

စစ်ကောင်စီတပ်က ကိုသက်နိုင်ဖြိုး၏ ဦးခေါင်းကို ဖြတ်ပြီး ဝါးလုံးတန်းတွင် ချိတ်ဆွဲခဲ့သည်၊ ဦးခေါင်းပြတ်နေသော ၎င်း၏ ခန္ဓာကိုယ်မှာ အနီးအနားတွင် ရှိနေသည်။ ကိုကျော်ရဲမှာလည်း မျက်နှာနှင့် ခါးတွင် သွေးအများအပြားထွက်ထားပြီး သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ဟု သံပိုကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဂျီဝမ်းဆိုသူက ပြောသည်။

၎င်းတို့စီးနင်းခဲ့သော ဆိုင်ကယ်မှာမူ မီးလောင်ကျွမ်းထားသည်ကို တွေ့ရှိခဲ့ရသည်။

“စစ်ကြောင်းက ကျွန်တော်တို့ မိုင်းကွင်းတွေကို ရှောင်ပြီး တောတန်းတွေဘက်က ပတ်သွားနေတဲ့အချိန်၊ ကျွန်တော်တို့ ရဲဘော်လေးက ကင်းစောင့်ကြည့်တာပါ။ ရှေ့ကို စစ်ကောင်စီတပ် အကုန်ရောက်ပြီ ထင်ပုံရတယ်၊ ရှေ့တိုးလိုက်တဲ့အချိန် စစ်ကောင်စီ နောက်ချန်တွေနဲ့ တွေ့သွားတာ” ဟု ကိုဂျီဝမ်းက ဆိုသည်။

“ကျွန်တော့် ရဲဘော်လေးက ….(စစ်သားတွေ) နဲ့ တိုးတဲ့အချိန် ခုခံပစ်ခတ်ထားတဲ့ အနေအထားလည်း တွေ့ရတယ်။ ပုံစံက သူတို့ကို ပစ်ခံရတဲ့အချိန် ပြေးရင်းလွှားရင်း သေနတ်မှန်သွားပြီး မပြေးနိုင်တော့တဲ့အချိန် ရသလောက် ခုခံထားတဲ့ပုံစံမျိုးပဲ” ဟု ၎င်းက ဆိုသည်။

ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ကိုသက်နိုင်ဖြိုး (ခ) ယက္ခ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆွဲထားသော ဦးခေါင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကျေးရွာသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူနှစ်ဦးအနက် ကိုကျော်ရဲမှာ သံပိုကျေးရွာကာကွယ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ စစ်ကြောင်းဝင်လာစဉ် ရဲဘော်ယက္ခနှင့်အတူ လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့အဆိုအရ သိရသည်။

အိမ်ခြေ ၂၀၀ ကျော်ဝန်းကျင်ရှိ သံပိုကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံရပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျထားသလို အနီးရှိ မကျည်းတုံကျေးရွာတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ တပ်စွဲထားခြင်းတို့ကြောင့် ရွာခံများမှာ အနီးအနား တောင်ယာစိုက်ခင်း၊ တောတိုက်များအတွင်း နေထိုင်ကြရသည်။

သံပိုရွာသားတစ်ဦးက ထိုကဲ့သို့ လူထုကြောက်ရွံ့အောင် လုပ်သော စစ်ကောင်စီ၏ လုပ်ရပ်ကို ခံပြင်းဒေါသထွက်ကြောင်း ပြောသည်။

“ရွာသူရွာသားတွေကို၊ ရွာကို ကာကွယ်နေတဲ့ကလေးတွေရော ကြောက်မသွားဘူး။ ပိုပြီး ခံပြင်း ဒေါသဖြစ်ကြတာပေါ့။ ရွာသူရွာသားဆိုလည်း (ဆွေမျိုး) နီးတဲ့သူကလည်း နီးတဲ့အလျောက်၊ ဝေးတဲ့သူကလည်း ဝေးတဲ့အလျောက် ဒေါသတွေဖြစ်ကြ၊ စိတ်ကောင်းဖြစ်ကြတာပါပဲ” ဟု သူက ပြောသည်။

“သတ်ခံလိုက်ရတဲ့ ကလေးနှစ်ယောက်ဆီက ဖုန်းတွေကိုလည်း (စစ်တပ်က) ယူသွားသေးတာကိုး။ ဖုန်းယူသွားပြီးတော့ (ဒေသခံ) နှစ်ယောက်ကို ဖုန်းခေါ်လာတယ်။ တစ်ယောက်က ကာကွယ်ရေးအဖွဲ့ထဲက ကလေးတစ်ယောက်နဲ့ အသတ်ခံရသူရဲ့ နှမဝမ်းကွဲလေးကို ခေါ်တာ။ ကလေးမလေးကို အဲဒီလိုလုပ်ထားခဲ့တာ ပျော်လားဟေ့။ ငါတို့ကတော့ အောင်ပွဲခံနေပြီ ဘာညာနဲ့ ကလေးတွေကို မခံချိမခံသာဖြစ်အောင် ပြောသေးတာဗျ။ ကလေးမက စကားဘာညာလည်း သိပ်မပြောတတ်တော့ နင်တို့ကို မကျေနပ်ဘူးလောက်ပဲ ပြောပြီး ဖုန်းချလိုက်တာ”

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လူနှစ်ဦးကို သတ်ဖြတ်သွားသည့်အပြင် ယမန်နေ့က တောတိုက်တဲတစ်ခုမှ ရွာသားနှစ်ဦးကို ဖမ်းဆီးသွားပြီး အသက် ၆၀ ကျော် အမျိုးသားကို နေ့ချင်း ပြန်လွှတ်ပေးလိုက်သော်လည်း အသက် ၂၇ နှစ်ခန့်အရွယ် အမျိုးသားကိုမူ ပြန်မလွှတ်ပေးဘဲ ခေါ်ဆောင်သွားကြောင်း အထက်ပါ သံပိုရွာသားက ဆက်ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသော ခင်ဦးမြို့နယ်အတွင်း ယခုလဆန်းတွင် တစ်ကြိမ် စစ်ကြောင်း ဝင်ရောက် စီးနင်းခဲ့ပြီး ရေဦးမြို့ပေါ်သို့ ပြန်တပ်ဆုတ်သွားကာ မတ် ၁၁ တွင် ခင်ဦးမြို့နယ်အနောက်ခြမ်းကို ဖြတ်သန်းပြီး ၁၂ ရက်တွင် ခင်ဦးမြို့သို့ ရောက်ရှိလာသည်။

ထို့နောက် မတ် ၁၃ တွင် မြို့အရှေ့ဘက် မကျည်းတုံကျေးရွာသို့ ရောက်လာပြီး ယင်းမှတစ်ဆင့် တောလမ်းများအတိုင်း ရွှေဘိုမြို့အနီးရှိ အမှတ် (၈) လေ့ကျင့်ရေးကျောင်းသို့ ထွက်ခွာသွားကြသည်။

ပြီးခဲ့သည့် မတ် ၁၂ ရက်ကလည်း အဆိုပါစစ်ကြောင်းကို ခင်ဦးမြို့အနောက်ဘက် မြို့အဝင်ဆိုင်းဘုတ်အနီး ဒေသခံကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး နာရီဝက်နီးပါး တိုက်ပွဲဖြစ်ခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကာလအတွင်း ခင်ဦးမြို့နယ်တိုက်ပွဲများတွင် ဒေသခံနှင့် တော်လှန်ရေးအဖွဲ့ဝင် ၂၇၀ ဦး သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ယခုနှစ် မတ် ၁၃ ရက်အထိ စာရင်းများအရ သိရသည်။

စစ်ကြောင်းကို ကင်းထောက်ခြင်း၊ မိုင်းထောင်ရန် ပြင်ဆင်နေဆဲမှာပင် စစ်ကြောင်းနှင့် တိုးပြီး စစ်ကိုင်းတိုင်းအခြေစိုက် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုများရှိနေသည်။

ယမန်နှစ် ဒီဇင်ဘာ ၂၇ ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းရှိ ပိုဝကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်နေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် လူငယ်နှစ်ဦး ဖမ်းဆီးခံရပြီး သတ်ဖြတ်မီးရှို့ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button