သတင်း

ရွှေကူတွင် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း PDF နှင့် စစ်ကောင်စီ ပြော

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ကျေးရွာမီးရှို့သည့် စစ်ကောင်စီတပ်ကို မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

တပ်မ (၈၈) လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ် (၁၀) နှင့် (၇၇) တို့မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို မြို့အနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာ သာယာကုန်းရွာအနီးတွင် လက်ဦးမှုယူ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု PDF က ပြောသည်။

“သူတို့က သာယာကုန်းဘက်ကနေ တက်လာတာ၊ မြင်ယာကျွန်းဆိုတဲ့ နေရာလေးမှာ လျှိုမြောင်လေးတစ်ခု ရှိတယ်၊ အဲဒီနားမှာ ကျွန်တော်တို့က RPG, လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ကြတာ” ဟု မြို့လှ-PDF မှ တာဝန်ရှိသူ ဗိုလ်မိုးကြိုးက ပြောသည်။

ဒေသကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့သည်၊ ချုံခိုပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်တွင် အများအပြား ဒဏ်ရာရသလို စစ်ကြောင်းမှူးအပါအဝင် ၉ ဦးခန့် သေဆုံးနိုင်သည်ဟု ရွှေကူ၊ မြို့လှမြို့နယ်ခွဲတွင် လှုပ်ရှားသည့် ထိုတပ်ဖွဲ့က ခန့်မှန်းသည်။

မွန်းလွဲပိုင်းတွင် အဆိုပါစစ်ကြောင်းမှ သေဆုံးသူတို့၏ ရုပ်အလောင်းများကို ဧရာဝတီမြစ်ကမ်းဘေးတွင် မီးရှို့သင်္ဂြိုဟ်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ သို့သော်လည်း ရုပ်အလောင်းအရေအတွက်ကို ၎င်းတို့က ပြောဆိုနိုင်ခြင်း မရှိပေ။

အဆိုပါ စစ်ကြောင်းသည် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ဒေသတွင်း ထိုးစစ်ဆင်နေသည့်တပ်ဖြစ်ပြီး ပြီးခဲ့သည့် ၅ ရက်နေ့က ရွှေကူမြို့အနီးရှိ ကျောက်တစ်လုံးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၀ ခန့် မီးလောင် ပျက်စီးခဲ့သည်ဟု သိရသည်။

မတ်လ ၈ ရက် ညပိုင်းကလည်း ကျောက်တစ်လုံးရွာတွင် တပ်စွဲထားသည့် အဆိုပါစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ရွာများလည်း ပြေးနေကြရပြီး ကျောက်တစ်လုံး၊ ကျောက်ကြီး၊ သာယာကုန်း၊ မင်းကျောင်းကုန်း စသည့် ရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ နီးစပ်ရာရွာများသို့ တိမ်းရှောင်နေကြရသည်ဟု အသက် ၄၀ ကျော်အရွယ် ရွှေကူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ရွာလုံး ပြေးရတာပဲ၊ ကလေး၊ လူကြီး တစ်ယောက်မှ မကျန်ဘူး၊ အကုန်လုံးပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။

“သူတို့တွေက တအားယုတ်မာတာကြီးလေ၊ ရွာသားတွေ ဖမ်းသွားပြီဆိုရင်လည်း ပြန်မလွှတ်တော့ဘူးဆိုတော့ အားလုံးပြေးရတာပဲ”

မတ်လ ၁၀ ရက်နေ့ နံနက်တွင် အဆိုပါ စစ်ကြောင်းသည် မင်းကျောင်းကုန်းရွာသို့ ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည်၊ မပြေးဘဲ ကျန်ရစ်နေသည့် ရွာခံများကို ဘုန်းကြီးကျောင်းသို့ လာရောက်စုဝေးခိုင်းနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက (မတ်လ ၁၀ ရက်နေ့) ညနေပိုင်းတွင် ပြောသည်။

ရွာသားများကို ထိုသို့ ခိုင်းစေသည်၊ ကျောက်တစ်လုံးတွင် အိမ်များ မီးရှို့ခံရသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ရွှေကူမြို့နယ် မိုးစစ်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျသဖြင့် ထိုရွာမှ အသက် ၅၀ အရွယ် ဒေါ်စန်းဌေး၊ ၄၆ နှစ်အရွယ် ဒေါ်မော်မော်အေးတို့ ဒဏ်ရာရသွားသည်၊ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ထားသည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

PDF က ရွာထဲသို့ ပစ်ခတ်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီသတင်းစာပါ ဖော်ပြချက်နှင့် ပတ်သက်ပြီး ထိုဒေသတွင် လှုပ်ရှားသည့် PDF ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ရွှေကူမြို့တွင် ဖေဖော်ဝါရီလမှစ၍ စစ်ရေးပြန်လည်ပြင်းထန်နေပြီး မြို့ပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့က ပြီးခဲ့သည့် ရက်များအတွင်း လက်နက်ကြီးများဖြင့် မြို့ဝန်းကျင်ရှိ ရွာများကို ပစ်ခတ်ခဲ့သည်။ မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မြစ်တစ်ဖက်ကမ်းရှိ ရေလဲရွာအနီးနှင့် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံအချို့ ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေကူမြို့တစ်ဖက်ကမ်းတွင် ရွှေကျင်နေကြသည့် ဒေသခံများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့သည်။    

ကချင်ပြည်နယ်အတွင်း စစ်တပ်က ဧရာဝတီမြစ်ကြောင်း အသုံးပြုပြီး ရိက္ခာ လက်နက် သယ်ယူပို့ဆောင်စဉ် မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် ကသာ၊ မြို့လှ၊ ရွှေကူ၊ ထီးချိုင့် စသည့် မြို့များမှ တော်လှန်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်တတ်သည်။

ထိုမြို့နယ်များသည် တိုက်ပွဲအများအပြား ဖြစ်ပွားနေသော စစ်ကိုင်းတိုင်းအနီး တည်ရှိသည်။ ဒေသတွင်း လက်နက်ကိုင်တော်လှန်တိုက်ခိုက်သူများထဲမှ အများအပြားသည် ကချင်လွတ်မြောက်ရေးတပ်မတော်နယ်မြေတွင် စစ်ပညာ သင်ယူထားသူများ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button