(ရန်ကုန်) – ရိုက်တာသတင်းထောက်များ ထောင်ချောက်ဆင် ဖမ်းဆီးခံခဲ့ရသည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့ခြင်းမှာ အရေးယူခံရမည်ကို သိလျက်နှင့် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်း ရဲတရားရုံးတွင် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှု မရှိဘဲ စစ်ဆေး စီရင်ခံခဲ့ရကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က အင်းစိန်ထောင်တွင် မိသားစုဝင်များနှင့် မေ ၃ ရက်နေ့တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
နံနက်၈ နာရီခန့်တွင် ဇနီးဖြစ်သူ ဒေါ်တူးတူး၊ ညီဖြစ်သူ ဦးရဲဝင့်နိုင်တို့နှစ်ဦး ထောင်ဝင်စာ မိနစ် ၃ဝ ခန့် တွေ့ခွင့်ရခဲ့ကြောင်း၊ ဦးမိုးရန်နိုင်သည် အင်းစိန်အကျဉ်းထောင် တိုက် ၁၁၊ အခန်း ၅ တွင် နေထိုင်ရကြောင်း၊ ကျန်းမာရေးကောင်းမွန်ပြီး၊ ဖမ်းဆီးခံခဲ့ရသည့်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုမခံခဲ့ရကြောင်း ဇနီးဖြစ်သူက Myanmar Now ကို ပြောကြားသည်။
ငါဒီလိုထွက်ဆိုရင် သူတို့ကတော့ ထောင်ချရင်လည်းချတော့မှာပဲ၊ ပြစ်မှှုတစ်ခုခုကတော့ လုပ်တော့မှာပဲဆိုတာ ငါစဉ်းစားမိတယ် ဟု ခင်ပွန်းသည်က ရှင်းပြကြောင်း ဒေါ်တူးတူးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ၎င်းကို ရဲတရားရုံးတွင် စီရင်စစ်ဆေးစဉ် လုပ်ထုံးလုပ်နည်းအရ ၎င်းထက် ရာထူးကြီးသူက စစ်ဆေးရမည် ဖြစ်သော်လည်း ၎င်းထက် ရာထူးငယ်သောအရာရှိများက စစ်ဆေးစီရင်ခဲ့ကြောင်း၊ ခုခံချေပပေးမည့် သက်သေ တစ်ယောက်မှ မပါဘဲ ၎င်းတစ်ယောက်တည်း ရင်ဆိုင်ခဲ့ရကြောင်း ထောင်ဝင်စာတွင် ပြန်ပြောပြခဲ့သည်ဟု ဆိုသည်။
“အမှန်က သူ့ထက်ကြီးတဲ့အရာရှိ အနည်းဆုံး တစ်ယောက်တော့ ပါရမှာ။ အဲ့ဒီအတွက် သူ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ကိစ္စကို ဥပဒေကြောင်းအရ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီ စာချွန်တော်တက်ဖို့ မှာတယ်” ဟု ဒေါ်တူးတူးက ဆိုသည်။
ဦးမိုးရန်နိုင်၏ ထောင်ဒဏ်တစ်နှစ် ချမှတ်မှုတွင်လည်း အချုပ်ခံထားရသည့် ရက်ပေါင်း ၁၂ဝ ကျော် ချုပ်ရက်များကို ရဲတရားရုံးက ထုတ်နုတ်ခံစားခွင့်မပေးဟု ဆိုသည်။
ရှေ့နေငှားရမ်း
ထောင်ဒဏ်ချမှတ်ခံရမှုတွင် ဥပဒေကြောင်းအရ ပြန်လည်အရေးဆိုရန် မိသားစုက ရန်ကုန်မှ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ် အကူအညီတောင်းထားသည်။
တရားစီရင်ရေးမျှတမှုမရှိဟု ယူဆသူသည် အထက်အဆင့်ဆင့်ကို ပြန်လည်တင်ပြနိုင်ရန် အခြေအနေမရှိပါက နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ပြည်တော်စုတရားလွှတ်တော်ချုပ်သို့ ဆက်သွယ်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်ဟု ရှေ့နေက ရှင်းပြသည်။
ရဲတရားရုံးတွင် အယူခံပိုင်ခွင့်နှင့်ပတ်သက်သည့် အချက်အလက်များ ပေါ်လွှင်မှု မရှိခြင်း၊ အရပ်ဘက်တရားရုံးများက ဆောင်ရွက်ပိုင်ခွင့်မရှိခြင်းတို့ကြောင့် စာချွန်တော်လွှာလျှောက်ထားသည့် နည်းလမ်းဖြင့် ဆောင်ရွက်မည်ဟု ရှေ့နေက ပြောသည်။
ဦးမိုးရန်နိုင်ကို မည်သို့ စီရင်ချက် ချသည် ဆိုသည့် အမိန့်စာ မရရှိသေးကြောင်း၊ မည်သူက ချမှတ်သည်ကိုလည်း မသိရသေးကြောင်း၊ မေ ၉ ရက်နေ့ကစပြီး စာချွန်တော်လွှာ လျှောက်ထားခြင်း လုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရှေ့နေတစ်ဦးဖြစ်သူ ဦးကြည်ဝင်း(လပွတ္တာ)ကလည်း လိုက်ပါ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
အထိန်းသိမ်းခံ တပ်ကြပ်ကြီး
ဦးမိုးရန်နိုင်သည် ဧပြီလ ၂ဝ ရက်နေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသော ရိုက်တာသတင်းထောက်နှစ်ဦးအမှု ကြားနာရာတွင် ကြယ်သုံးပွင့်တပ် ရဲအရာရှိဝတ်စုံဝတ်လျက် တရားခွင်တွင် တရားလိုသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
၎င်း၏ထွက်ဆိုချက်အရ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲမှူးချုပ်တင်ကိုကိုဆိုသူက စာရွက်စာတမ်းအချို့ဖြင့် အကွက်ဆင်ထောင်ဖမ်းခဲ့ကြောင်း၊ ထိုကဲ့သို့ထောင်ဖမ်းသည့်နေ့ ၂ဝ၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တွင်ပင် ၎င်းလည်း ဖမ်းဆီးချုပ်နှောင်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။
ထို့ပြင် ၎င်းသည် ကိုဝလုံးနှင့် ၂ဝ၁၇ နိုဝင်ဘာ ၂၂ ရက်နေ့ကတွေ့ဆုံစဉ် ကိုဝလုံးမေးမြန်းသည့်အတွက် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင်ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်အချို့ကို ဖြေကြားခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် ကိုဝလုံးက ၎င်းထံမှ မည်သည့်စာရွက်စာတမ်းမှ မတောင်းခံခဲ့သကဲ့သို့ ၎င်းကလည်း မည်သည့်စာရွက်စာတမ်းကိုမှ ပေးအပ်ခဲ့ခြင်းမရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။
သတင်းထောက် ၂ ဦးသည် မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် တပ်မတော်သားများက မွတ်စလင် ၁ဝ ဦးကို လက်နောက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အကြောင်း သတင်းရေးသား ဖော်ထုတ်ခဲ့ကြသူများဖြစ်သည်။
ထိုသတင်းအတွက် အချက်အလက်များစုဆောင်းစဉ် မောင်တောမှ တာဝန်ကျပြီး ရန်ကုန်သို့ပြန်လည်ရောက်ရှိနေသော အမှတ် ၈ ရဲတပ်ရင်းမှ ဦးမိုးရန်နိုင်အပါအဝင် ရဲဝန်ထမ်းအချို့ကို ယမန်နှစ်နှောင်းပိုင်းက တွေ့ဆုံမေးမြန်းခဲ့သည်။
ထိုကဲ့သို့တွေ့ဆုံခဲ့သည့် ရဲဝန်ထမ်းများအနက် ကိုမိုးရန်နိုင်နှင့် တပ်ကြပ်ကြီးခင်မောင်လင်းတို့ကို ရဲတပ်ဖွဲ့က ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှှုဖြင့် အချုပ်ချအရေးယူခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၂ဝ ရက်နေ့ တရားခွင်တွင် ထွက်ဆိုပြီးနောက် ၎င်းအား မူလချုပ်နှောင်ထားသော အမှတ် ၈ ရဲတပ်ရင်းမှ အမှတ် ၆ ရဲတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး၊ ဖြစ်စဉ်တွင် ၎င်းနှင့်အတူဖမ်းဆီးခံရပြီး အတူတူ ချုပ်နှောင်ခံခဲ့ရသူ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကိုမူ အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ကိုမိုးရန်နိုင်က ဇနီးဖြစ်သူကို ထောင်ဝင်စာတွင် ပြောဆိုခဲ့သည်။
တပ်ကြပ်ကြီး ခင်မောင်လင်းကို မည်သည့်နေရာတွင် ချုပ်ထားသည်ဆိုသည်ကို သတင်းမကြားရသည့်အတွက် စိတ်ပူမိကြောင်း၊ အဆိုပါ တပ်ကြပ်ကြီးသည် လူလွတ်တဦးဖြစ်သည့်အပြင် မိခင်ကလည်း အသက်ကြီးနေသည့်အတွက် မိသားစုနှင့်ပါ အဆက်အသွယ် ပြတ်တောက်နေနိုင်ကြောင်း ကိုမိုးရန်နိုင်က ထောင်ဝင်စာတွင် ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ငါတရားရုံးမှာ ထွက်ဆိုခဲ့တာတွေဘက်ကို တပ်ကြပ်ကြီးက လိုက်ပြောရဖို့ မဟုတ်ဘူး။ သူသာ တရားရုံးမှာ သက်သေထွက်ခဲ့မယ်ဆို သူပြောချင်တာပြော၊ အဲ့ဒါ သူ့သမိုင်းပဲ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်းဖြစ်၊ အမေအိုကြီးက နယ်အဝေးမှာနေသူလည်းဖြစ်တဲ့အတွက် ငါခံစားရသလို သူလည်း ခံစားနေရမယ်ဆိုတဲ့ လူသားချင်း စာနာတဲ့စိတ်နဲ့ စိတ်ပူတာလို့ သူက ပြောတယ်” ဟု ဇနီးဖြစ်သူက ပြောကြားသည်။
အမှုစစ်ဆေးဆဲ
တပ်ကြပ်ကြီး ခင်မောင်လင်းကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။
ရဲတရားရုံး၏ စစ်ဆေးမှု မပြီးပြတ်သေးသည့်အတွက်ကြောင့် ရဲတပ်ရင်းတစ်ခုတွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိန်းသိမ်းချုပ်နှောင်ထားသည့်နေရာကို မသိရပေ။
ရဲတရားရုံး စစ်ဆေးမှုများတွင် မိသားစု ဝင်ရောက်ခွင့် မရှိသော်လည်း ကျန်သည့်အချိန်များတွင် လာရောက်တွေ့ဆုံနိုင်သည်ဟု သူက ဆိုသည်။
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ရင်ဆိုင်ခဲ့ရသည့် တရားခွင် အခြေအနေကို မသိရှိကြောင်း၊ စီရင်ခံရသူထက် ရာထူးကြီးသူ ပါဝင်နိုင်ဖွယ် ရှိကြောင်း ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။
ထောင်ဝင်စာ
ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ထောင်ချောက်ဆင်ဖမ်းဆီးသည်ဟု အရပ်ဘက်တရားရုံးတွင် ထွက်ဆိုပြီးနောက် သူ့အား မယုံကြည်ရသော သက်သေအဖြစ်သတ်မှတ်ရန် အစိုးရရှေ့နေက လျှောက်ထားခဲ့သော်လည်း ထိုလျှောက်ထားချက်ကို တရားသူကြီးက မေလ ၂ ရက်နေ့ တရားခွင်တွင် ပယ်ချခဲ့ပြီး၊ မေလ ၉ ရက်နေ့တွင် ဦးမိုးရန်နိုင်ကို စစ်ဆေးနိုင်ရန် အကျဉ်းထောင်မှထုတ်လာရမည်ဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။
လပေါင်းများစွာ ထိန်းသိမ်းခံရစဉ် မိသားစုနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။ ထောင် ၁ နှစ် ချမှတ်ခံရပြီးနောက်တွင်မူ မိသားစုသည် မေ ၂၊ ၃ ရက်နေ့တို့တွင် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြောင်း သိရသည်။
ဦးမိုးရန်နိုင်သည် လွန်ခဲ့သော နှစ် ၂ဝ ကျော်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ ကျေးရွာတစ်ရွာတွင် မူလတန်းကျောင်းအုပ်ဆရာဘဝကို စွန့်လွှတ်ပြီး ရဲတပ်ဖွဲ့တွင် ဒုရဲအုပ်အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သူဖြစ်သည်။



