သတင်း

ခင်ဦးမြို့ ပေါက်ကွဲမှုတစ်ခုတွင် ဇနီးမောင်နှံ သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ပေါက်ကွဲမှုတစ်ခုကြောင့် လင်မယားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ဖေဖော်ဝါရီ ၂၄ တွင် ခင်ဦးနယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ခုအနီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အသက် ၄၃ နှစ်အရွယ် ဦးမင်းအောင်နိုင်မှာ ထိုနေရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၅ ဝန်းကျင် ဒေါ်သွဲ့နန္ဒာအောင်မှာ နောက်တစ်နေ့တွင် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဦးမင်းအောင်နိုင်သည် ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဇနီးဖြစ်သူမှာ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်၏ သမီးအငယ် ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားစဉ် နေရာအနီး ထိုဇနီးမောင်နှံနှစ်ဦးသာ ရှိပြီး မည်သို့ပေါက်ကွဲသည်၊ မည်မျှဒဏ်ရာရသည်ကို အသေးစိတ် မသိရပေ။

ပေါက်ကွဲသည့်နေ့တွင်ပင် စစ်ကောင်စီတပ်က ဒေါက်တာဝင်းအောင်၏ဇနီးဖြစ်သူ ဒေါ်နီလာ၊ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ မည်သည့်နေရာ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မတော်တဆဖြစ်တာကို ကြားပြီးတော့ သွားဖို့ ပြင်နေတုန်း ခြေရာခံမိသွားတာ ထင်တယ်။ အခုတော့ ဘယ်ခေါ်သွားမှန်း မသိဘူး။ ဒေါက်တာဝင်းအောင်က ဘယ်သူ့အပေါ်မဆို သဘောကောင်းခဲ့တာ၊ သူတို့ (မိသားစု) ကိုတော့ ဘာမှ မလုပ်လောက်ပါဘူးဆိုပြီး မြို့ပေါ်မှာပဲ နေနေကြတာ” ဟု မိသားစုနှင့် ရင်းနှီးသူ အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီကောင်းကြောင်း ရေးသားသည့် အွန်လိုင်းစာမျက်နှာတချို့တွင် ထိုနှစ်ဦးကို ဖေဖော်ဝါရီ ၂၄ ညနေပိုင်းတွင် ခင်ဦးမြို့ နေအိမ်တွင် ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။ 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်မှာ စစ်ကောင်စီတပ်၏ ရန်ကြောင့် လွတ်မြောက်နယ်မြေတစ်နေရာတွင် ရောက်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button