စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ခြမ်းသို့ ရောက်လာသော စစ်ကောင်စီတပ်ကို လူအင်အားအများအပြားဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ မြို့အနောက်ဘက်ခြမ်း မူးမြစ်အရှေ့ဘက်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်သား ၈၀ ခန့် ဖေဖော်ဝါရီ ၂၁ တွင် မြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ပေါက်ချိုင်ကျေးရွာအနီး ရောက်လာစဉ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပူးပေါင်းအဖွဲ့တွင် ရွှေဘို၊ ဒီပဲယင်း၊ ဝက်လက်မြို့နယ်များမှ အင်အား ၄၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
ထိုစစ်သားများ ညအိပ် တပ်စွဲခဲ့သည့် ထူးကြီးကျေးရွာမှ သုံးမိုင်ခန့်ကွာသည့် ပေါက်ချိုင်ရွာသို့ လာရာလမ်းတစ်လျှောက်တွင် ကာကွယ်ရေးအဖွဲ့များက အဆက်မပြတ် တိုက်ခိုက်ခဲ့သလို ရွာအဝင်တွင် အတွဲလိုက် ပေါက်ကွဲနိုင်သည့် ပဒေသာမိုင်း ဆင်ထားသောကြောင့် စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ပေါက်ချိုင်ရွာ ပကဖခေါင်းဆောင်က ဆိုသည်။
“သူတို့က ရွာဘက်ပြန်ထိုးလာပြီဆိုတော့ မိုင်းကွင်းဆင်တာ။ ကျွန်တော်တို့မိုင်းကွင်းက ရွာပတ်ပတ်လည်ရော၊ ရွာထဲရော ဆင်ထားတာ။ ပဒေသာမိုင်းတွေရော၊ တိုက်မိုင်းတွေရောပဲ။….. သူတို့က မိုင်းကွင်းထဲကို ဝင်လာတာ” ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်တွင် လက်နက်ပြည့်စုံလေ့ရှိပြီး ကာကွယ်ရေးအဖွဲ့များတွင် အများစုက လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများ ကိုင်ဆောင်ထားသည်။
အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကိုင်များကို ကျေးရွာအပြင်မှ ပိတ်ဆို့ကာ ပစ်ခတ်သဖြင့် မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြောသည်။
“တိုက်ရင်းခိုက်ရင်းနဲ့တော့ ဘယ်လောက်ဘယ်လောက် ကျတယ် အတိအကျ မပြောနိုင်ဘူးပေါ့ဗျာ၊ တော်တော်လေး အထိနာတယ်။ သူတို့တပ်စွဲထားတဲ့ စာသင်ကျောင်းထဲကို ပစ်မှတ်ထားပြီး RPG တွေ၊ လက်လုပ်ကျကွဲတွေ အကုန်ပစ်ထည့်ကြတာပဲ” ဟု သူက ဆိုသည်။
ထိုသို့ ပိတ်ဆို့ထားစဉ် မူးမြစ်အနောက်ဘက်ကမ်း ဒီပဲယင်းမြို့နယ် ဆည်ကြီးတောရွာတွင် တပ်စွဲထားသည့် စစ်သားများ စစ်ကူရောက်လာသဖြင့် နောက်ပြန်ဆုတ်ပေးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ရုပ်အလောင်းများကို အိမ်ထဲထည့် မီးရှို့ကာ ထိုနေ့ ညနေပိုင်းတွင် ပြန်ထွက်သွားကြောင်း အထက်ပါ ပကဖခေါင်းဆောင်က ပြောသည်။
“အိမ်တစ်ခန်းထဲကအိမ်မှာ ထပ်ပြီးပုံရှို့ထားတာ တော်တော်များတယ်ဗျ၊ အလောင်းတွေက ထပ်နေတာ၊ သူတို့ရုပ်အလောင်းတွေက တစ်နေရာတည်း စုပုံထပ်ရှို့ထားတာ။ မလောင်ဘဲ ကျန်တဲ့ဟာ တချို့ပဲ တွေ့တော့တာ” ဟု သူက ဆက်ပြောသည်။
ရုပ်အလောင်း ၂၅ ခုခန့်ကို ရှို့သွားသည်ဟု သူက ယူဆသည်။
စစ်တပ်လက်ချက်ကြောင့် နေအိမ် ၅၀ ခန့်လည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
စစ်ကောင်စီလက်နက်ကိုင် သေဆုံးမှုအရေအတွက်၊ မီးရှို့သွားသည့် အဆောက်အအုံအရေအတွက်တို့နှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းအများစုကို အမှောင်ချထားလေ့ရှိသည်။ မီးရှို့မှုကျူးလွန်ခြင်းမရှိဟုလည်း ယမန်နှစ်က ပြောဆိုခဲ့ဖူးသည်။
ကာကွယ်ရေးအဖွဲ့များ အွန်လိုင်းလူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းများတွင်မူ မီးလောင်ပြာကျနေသည့် နေအိမ်အတွင်းမှ ပျက်စီးနေသည့် ရုပ်အလောင်းတစ်ခုနှင့် ဦးခေါင်းခွံတစ်ခု တွေ့ရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့က တစ်နိုင်ငံလုံးမှ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကောင်စီက ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့နယ်များကိုပါ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ယမန်နေ့က သတ်မှတ်လိုက်သည်။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်တပ်က လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်တော်လှန်ရေး အားအကောင်းဆုံးဒေသတစ်ခု ဖြစ်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)