စစ်ကိုင်းတိုင်းအလယ်ပိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို ယနေ့ (ဖေဖော်ဝါရီ ၂၀) တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး စီးနင်းနေသောကြောင့် ကျေးရွာ ၃၀ ခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ခမရ (၃၆၉) တပ်က မြို့အရှေ့ဘက် ၃၅ မိုင်အကွာ မြေမွန်ရွာအနီး၊ ခမရ (၃၆၈) တပ်က မြို့တောင်ဘက် ၁၇ မိုင်အကွာ သရက်ကံကြီးကျေးရွာအနီးတို့တွင် စစ်ကြောင်းထိုးနေကြပြီး အင်အား ၁၀၀ ခန့်စီ ရှိကြသည်ဟု ဆိုသည်။ အင်အား ၈၀ ခန့်ပါ ခမရ (၃၆၃) တပ်က မြို့မြောက်ဘက် ကိုးတောင်ဘို့ဒေသတွင် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။
ကန့်ဘလူရှိ စစ်ကောင်စီအခြေစိုက်စခန်း ၃ ခု ယခုလအစောပိုင်းတွင် တစ်ပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီက အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်၊ စစ်သားများနှင့်အတူ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ကန့်ဘလူခရိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကြောင်းတွေကတော့ နဂိုကတည်းက ထိုးနေတာတော့ ရှိတယ်ဗျ။ (စခန်းတွေ တိုက်ခိုက်ပြီးနောက်ပိုင်း) စစ်ကြောင်းတွေက ပိုများလာတာ။ ခင်ဦးဘက်ကနေ လာဖြည့်တာ။ တချို့စစ်ကြောင်းတွေကတော့ ပျူတွေနဲ့ ပေါင်းရင် ၁၂၀ လောက် ရှိတာ” ဟု သူက ဆိုသည်။
ဖေဖော်ဝါရီ (၈) ရက်နေ့ ညသန်းခေါင်ယံတွင် မြို့အရှေ့ခြမ်းရှိ စံပယ်နံ့သာရဲစခန်း၊ အနောက်ခြမ်းရှိ စိန်နားပျူစောထီးစခန်း၊ မြောက်ပိုင်းရှိ ကိုးတောင်ဘို့တိုက်နယ် စစ်ကောင်စီစခန်းများကို PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက် စီးနင်းခဲ့သည်။
စိန်နားပျူစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး မောင်းပြန်သေနတ်နှစ်လက် ရရှိခဲ့သလို စံပယ်နံ့သာရဲစခန်းစီးနင်းမှုတွင် ရဲစခန်းအတွင်းမှ အဆောက်အအုံတချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ကိုးတောင်ဘို့တွင် စခန်းမသိမ်းနိုင်ခဲ့ဘဲ စစ်တပ်က ပစ်ခတ်သည့် မီးကျည်ကြောင့် ဈေးအတွင်းမှ ဆိုင်ခန်း ၄၀၀ ခန့် မီးလောင်သွားကြောင်းလည်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။
အဆိုပါသုံးနေရာတိုက်ခိုက်မှုတွင် စစ်သားနှင့် ပျူစောထီး ၃၀ ခန့် သေဆုံးကြောင်း PDF က ကြေညာထားသော်လည်း Myanmar Now အနေဖြင့် ထိုအရေအတွက်ကို သီးခြားသတင်းရင်းမြစ်များထံမှ အတည်ပြုချက် မရနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုများပြီးနောက် ကန့်ဘလူမြို့အတွင်းမှ ရဲစခန်းတိုက်ခိုက်ခံရသည့် စပယ်နံ့သာရွာဘက်သို့ အင်အားလာဖြည့်သည့် ခမရ (၃၆၉) တပ်က ပတ်ဝန်းကျင်ကျေးရွာများကို နေ့စဉ် စီးနင်းနေပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၉) တွင် မြေမွန်ရွာကို မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၄၀၀ ရှိသည့်အနက် ၅၀ ကျော် မီးလောင်ပြာကျသွားကြောင်း ကန့်ဘလူမြို့နယ် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) စစ်ရေးတာဝန်ခံက ပြောသည်။
“အိမ်ခြေကတော့ ၅၀ လောက် ပါသွားတယ်၊ အရပ်သားသေဆုံးမှုကတော့ တိတိကျကျ မသိရသေးဘူး၊ စိစစ်နေတုန်းပဲ၊ ရွာသားတွေလည်း အကွဲကွဲအပြားပြား ပြေးရတာဆိုတော့ ပြန်မဝင်နိုင်သေးတော့ မစိစစ်နိုင်ဘူး ဖြစ်နေတာ” ဟု ဆိုသည်။
ထို့အတူ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကန့်ဘလူမြို့မှ ထွက်လာသည့် ခမရ (၃၆၈) တပ်က မြို့တောင်ဘက်ရှိ အင်းလယ်ကြီးကျေးရွာပတ်ဝန်းကျင်မှ တောင်ယာတဲများကို မီးရှို့ခဲ့သည်၊ ကိုင်းရိုးကျေးရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက အရပ်သားနှစ်ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့သည်ဟုလည်း သိရသည်။ ထိုသူ ၂ ဦးသည် ကျေးရွာအတွင်းမှ ထွက်ပြေးစဉ် စစ်ကြောင်းနှင့် တိုးမိခြင်းဖြစ်ကြောင်း ဒေသခံ ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အလောင်းတောင် မသဲကွဲတော့ဘူး။ ထွန်စက်ကြီးပေါ် တင်ပြီး မီးရှို့သွားတာ … ရွာထဲ လာတော့မှာဆိုပြီး ရှောင်ရင်းနဲ့ စစ်သားတွေကလည်း တောထဲမှာဆိုတော့ ရွာပြင်မှာ တွေ့ပြီး သတ်ခံရတာ” ဟု သူက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ကန့်ဘလူတောင်ဘက်ခြမ်းမှ ကျေးရွာများကို စီးနင်းနေဆဲဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ကိုင်းရိုးရွာတောင်ဘက် ၅ မိုင်အကွာ သရက်ကံကြီးကျေးရွာတွင် တပ်စွဲထားကြောင်း သိရသည်။
ထို့အတူ ကန့်ဘလူမြောက်ခြမ်းရှိ ကိုးတောင်ဘို့ စစ်ကောင်စီအခြေစိုက်စခန်းမှ ခမရ (၃၆၃) တပ်သည် နီးစပ်ရာ ကျေးရွာများကို နေ့စဉ် စစ်ကြောင်းထိုးနေသလို ယနေ့မနက်ပိုင်း (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ကိုင်းမကျေးရွာကို ဝင်ရောက်စီးနင်းနေကြောင်း ကိုးတောင်ဘို့တိုက်နယ် ပအဖတာဝန်ခံက ပြောသည်။
“ကိုင်းမရွာနဲ့ ပတ်ပတ်လည်ရွာတွေကတော့ အကုန် အိုးအိမ်စွန့်ပြေးကြပြီပေါ့။ ပြည်သူတွေ ဆုံးရှုံးမှုမများအောင်၊ နစ်နာမှုမများအောင် ကျွန်တော်တို့ ချိန်ဆနေရတဲ့ အနေအထားမို့ မြေပြင်မှာ သူတို့ (စစ်ကောင်စီ) က တကယ်ရှုံးနေတာ” ဟု ဆိုသည်။
ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များထဲတွင် မပါဝင်သော်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကောလင်းမြို့နယ်နှင့် နီးစပ်သည့် ကိုးတောင်ဘို့ဒေသတွင် ထိတွေ့တိုက်ပွဲများ ပိုမိုပြင်းထန်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)