သတင်း

ရခိုင်တွင် အပစ်ရပ်ထားချိန် ရေတပ်က ပစ်ခတ်လေ့ကျင့်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီရေတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှု နှစ်ရက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၆ နှင့် ၁၇ တို့တွင် နံ့သာကျွန်းနှင့် မေယုကျွန်းအနီး ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“မနေ့က ညဘက် လက်နက်ကြီးပစ်ခတ်သံကို ကြားလိုက်ရတယ်။ ဘာကြောင့် ဒီလိုလုပ်တာလဲ ဆိုတာကို မပြောနိုင်ဘူး။ အရင်နှစ်ကလည်း အဲဒီဘက်မှာ လေ့ကျင့်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်။ အခုလည်း အဲဒီလိုပါပဲ။ စစ်ရေးအခြေအနေက ဘယ်လိုဖြစ်လာမယ်ဆိုတာ ခန့်မှန်းမတတ်ဘူး” ဟု အထက်ပါ မေယုကျွန်းဒေသခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားက ပြောသည်။

စစ်ရေယာဉ်များ လက်နက်ကြီးပစ်ခတ် လေ့ကျင့်မည်ဖြစ်သောကြောင့် ဒေသခံရေလုပ်သားများ ပင်လယ်ပြင်သို့ မသွားကြစေရေး အသိပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စာပေးပို့ပြီး လျှို့ဝှက်ညွှန်ကြားခဲ့သည်ဟု သိရသည်။

“မြို့နယ်အုပ်ချုပ်‌ရေးပိုင်းက ရွာအုပ်ချုပ်ရေးမှူးတွေကို Viber Group ကနေတစ်ဆင့် ပြောတာလို့ သိရတယ်။ ရွာအုပ်ချုပ်ရေးမှူးတွေက ရွာကို ပတ်ပြီးတော့ လော်နဲ့ ပင်လယ်ပြင်ကို ငါးဖမ်းမထွက်ကြဖို့ သတိပေးတာပေါ့။ အဲဒီစာကို တောင်းကြည့်တော့ ပေးလို့မရဘူး ပြောတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။ 

မေယုကျွန်းဒေသရှိ ဒုံးပိုက်၊ ဆင်ပိုက်၊ အောင်ဗလ၊ သာစည်ကုန်း၊ ပေါက်တောပြင်၊ အငူမော်၊ ကုန်တန်း ကျေးရွာများ အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ရေလုပ်ငန်းဖြင့် အသက်မွေးသူတို့မှာ လုပ်ငန်းခွင်သို့ သွားရောက်နိုင်ခြင်း မရှိပေ။

”မနေ့က ည ၇ နာရီကနေ့ ၈ နာရီအထိ လက်နက်ကြီးပစ်သံတွေကို ကြားလိုက်ရတယ်။ ဒီလိုပစ်ခတ်မှုတွေ လုပ်နေတော့ ပင်လယ်ပြင်ကို ငါးရှာမထွက်ရရင် ဒီလောက်ခက်ခဲနေကြတဲ့အချိန်မှာ ကျွန်တော်တို့အတွက် နစ်နာတာပေါ့” ဟု ဒုံးပိုက်ကျေးရွာမှ ရေလုပ်သားတစ်ဦးက ပြောသည်။ 

မောင်တော – အငူမော် ကားလမ်းမဘေး တည်ရှိသော အဆိုပါ ဒုံးပိုက်ကျေးရွာတွင် အိမ်ခြေ ၂၄၀ ခန့်နှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်ရှိပြီး အများစုမှာ ရေလုပ်ငန်းနှင့် အသက်မွေးကြသည်။

စစ်ကောင်စီတပ်သည် ယခင်နှစ်များကလည်း ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ ရက္ခိုင့်တပ်တော် (AA) နှင့်သာ ဖြစ်ပွားခဲ့ရာ လတ်တလော ပစ်ခတ်လေ့ကျင့်မှု၊ စစ်ရေးပြင်ဆင်မှုတို့မှာ ဒေသခံများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

AAနှင့် စစ်ကောင်စီတပ် ယာယီအပစ်အခတ်ရပ်စဲမှု ၃ လနီးပါးခန့် ရှိလာချိန်တွင် စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်မှု ပြုလုပ်လာခြင်းဖြစ်သည်။

ဤအခြေအနေကြောင့် အပစ်ရပ်မှု ပျက်ပြယ်သွားနိုင်ကြောင်း ယူဆသူများပင် ရှိလာသည်ဟု ဘူးသီးတောင်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်ကတော့ အခုလည်း အောက်ခြေမှာ သူတို့မသင်္ကာရင် ခေါ်စစ်တာတို့ ဖမ်းတာတို့ လုပ်နေတုန်းပါ။ ပြီးတော့ သူတို့တပ်တွေက နောက်ဆုတ်သွားတာ မရှိဘူးလေ။ အခုလည်း တိုက်ပွဲပြန်ဖြစ်လာနိုင်တယ် ဆိုပြီးတော့ ပြောနေကြတာလည်း ရှိတယ်” ဟု သူက ပြောသည်။

အလားတူ မောင်တော- အငူမော်- စစ်တွေ ရေးလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းတို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို စစ်ဆေးခြင်း၊ လူစာရင်းကောက်ယူခြင်းများကို ယခင် စစ်ရေးတင်းမာနေချိန်ကကဲ့သို့ ပြုလုပ်နေသည်ဟု ခရီးသွားများက ဆိုသည်။

စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်းမှ ရသေ့တောင်မြို့နယ် အငူမော်ကမ်းသို့ ဖြတ်ကူးမည်ဆိုပါက အဆိုပါရေချမ်းပြင်ဆိပ်ကမ်းတွင် ခရီးသွားများက စစ်ကောင်စီထံ အစစ်အဆေးခံရသလို စစ်ကောင်စီ ဇက်ရေယာဉ်ကလည်း ထပ်စစ်ဆေးသည်ကိုတွေ့ရသည်။ 

“စစ်တွေက မောင်တောကို သွားမယ်ဆိုရင် ရေချမ်းပြင်ဆိပ်ကမ်းမှာ စစ်သားတွေရှိတယ်။ သူတို့ဆီမှာ အစစ်အဆေးခံရတယ်။ လူစာရင်းပေးရတယ်။ ဘုတ်နဲ့ အငူမော်ကမ်းကို ကူးတော့ အဲဒီရေလမ်းကြောင်း မေယုမြစ်အတွင်းမှာ ရပ်ထားတဲ့ ဇက်ကလည်း တစ်ခါထပ်ပြီးတော့ စစ်တယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ယမန်နှစ် ဒီဇင်ဘာအတွင်းကလည်း ကျောက်တော်မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ စစ်တွေ – ရန်ကုန် အာရှကားလမ်းမကြီးဘေး၌ ရှိသော အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လက်နက်ပစ်ခတ်လေ့ကျင့်မှုများ နှစ်ကြိမ် ပြုလုပ်ခဲ့သည်။ 

စစ်အာဏာသိမ်းပြီးစအချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ကလည်း မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့အနီး ရေတပ်က လေ့ကျင့်ပစ်ခတ်ခဲ့ဖူးသည်။

၂၀၂၂ နှစ်လယ်ပိုင်းမှ နှစ်ကုန်ပိုင်းအထိ ရခိုင်ဒေသတွင် တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာရာ စစ်ကောင်တပ်က ကြည်း၊ ရေ၊ လေ အင်အားစုံ သုံးပြီး AA ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button