သတင်း

စစ်တပ်ဝင်သည့် ရွှေဘိုမြို့ တင့်တယ်ရွာတွင် ၄ ဦး သေဆုံး၊ အိမ် ၄၀၀ မီးလောင်

ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ် ပြန်သွားအပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ကျေးရွာတွင် သက်ကြီးရွယ်အို ၂ ဦးအပါအဝင် ဒေသခံတို့၏ ရုပ်အလောင်း ၄ လောင်း တွေ့ရှိခဲ့သည်ဟု ရွာခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီး အင်အား ၈၀ ခန့် ထိုကျေးရွာအတွင်း ဝင်ရောက်လာကာ နေအိမ် ၄၀၀ ခန့်ကို မီးရှို့သည်၊ နောက်တစ်နေ့တွင် ရွာမှ ပြန်ထွက်သွားရာ ရွာအတွင်း ဒေသခံများ ဝင်ရောက် ကြည့်ရှုချိန် ထိုသို့ရုပ်အလောင်းများ တွေ့ရသည်ဟု ဆိုသည်။

ထွက်မပြေးနိုင်သည့် အသက် ၇၀ ခန့် အရွယ်များဖြစ်သော ဒေါ်သန်းနိုင်နှင့် ဒေါ်ပန်၊ ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲ လဲနေသည့် အသက် ၅၀ ခန့်အရွယ် ဦးကြည်ဝင်းတို့၏ ရုပ်အလောင်းများ မီးကျွမ်းနေပြီး အသက် ၅၀ ခန့်အရွယ် ဦးဖိုးကျော်မှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး လည်ပင်းဓားထိ ဒဏ်ရာနှင့် သေဆုံးနေသည်။

“သုံးယောက်က မီးလောင်ပြီး သေတာပေါ့ဗျာ။ အိပ်ရာထဲ မထနိုင်တဲ့ သက်ကြီးရွယ်အိုတွေပေါ့ဗျာ၊ တစ်ယောက်ကတော့ ဖမ်းခံရပြီး သတ်ခံရတာ လက်ပြန်ကြိုးတုပ်ပြီးတော့။ သူကလည်း ခြေထောက် မသန်ဘူး။ သူ့ကို ဘာမှ မလုပ်လောက်ဘူးဆိုပြီး ဘုန်းကြီးကျောင်းထဲ နေခဲ့တာ” ဟု ထိုကျေးရွာ၏ ကာကွယ်ရေးတာဝန်ခံက ပြောသည်။

ဦးဖိုးကျော်၏ ရုပ်အလောင်းနှင့် မီးသင့်ရုပ်အလောင်းနှစ်ခုကို ဖေဖော်ဝါရီ ၁၃ တွင် တွေ့ရသည်၊ ကျန်သည့် မီးသင့်အလောင်းတစ်ခုကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) တွင် တွေ့ရသည်ဟု ၎င်းက ဆိုသည်။

အိမ်ခြေ ၆၀၀ ခန့်ရှိသည့် တင့်တယ်ရွာတွင် နေအိမ် ၄၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး စပါးသိမ်းသည့် ရာသီဖြစ်သဖြင့် စပါးတင်းရေ သောင်းချီ မီးလောင်ပျက်စီးခဲ့ရကြောင်း ရွာခံများက ပြောသည်။

ရွာခံအမျိုးသားတစ်ဦးက မီးရှို့မှုအတွင်း ၎င်းပိုင်ဆိုင်သော နှစ်ထပ်နေအိမ်၊ ဈေးဆိုင်နှင့်အတူ စပါးတင်း ၇၀၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။

“ရွာကြီးက တစပြင်ပဲ။ တကယ့်ကိုဗျာ ကျွန်တော့်အိမ်ဆို ငြှိမ်းစရာတောင် မကျန်ဘူး။ ဘာမှကို ကုန်းကောက်စရာ မရှိဘူး” ဟု သူက ဆိုသည်။

“တစ်နိုင်ငံလုံး ကိုယ်ရှေ့မှာ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ စည်းစိမ်တွေ အများကြီးပါ။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့အတွက် ဂုဏ်ယူတယ်။ ကိုယ့်ပစ္စည်းဆိုတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ (စစ်တပ်) အုပ်ချုပ်မခံတဲ့ရွာမို့ ကျွန်တော်တို့ရွာကို လုပ်သွားတာ။ ကျွန်တော်တို့ရွာက အုပ်ချုပ်မခံဘူးဆိုတာ သမိုင်းတွင်တာပေါ့ဗျာ”

အဆိုပါစစ်ကြောင်းသည် တင့်တယ်ရွာ‌မြောက်ဘက်ရှိ အိမ်ခြေ ၂၅၀ ခန့်ရှိသည့် ကျောက်မြင့်ရွာကိုလည်း မီးတင်ရှို့ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထိုနေ့တစ်ရက်တည်းပင် အခြားစစ်ကြောင်းတစ်ခုက တင့်တယ်ရွာမြောက်ဘက် ၇ မိုင်အကွာမှ ကျားရွာကို မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၇၀၀ ခန့် မီးလောင်ပြာကျခဲ့သည်။

ခုခံတိုက်ခိုက်ခြင်း မပြုကြစေရန် အာဏာသိမ်းစစ်ကောင်စီက ရွာများကို အဆက်မပြတ် မီးရှို့ ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု လေ့လာသူတို့က ဆိုသည်။

စစ်ကောင်စီကမူ ၎င်းတို့ မီးရှို့ခြင်း မရှိဟု ယမန်နှစ်က ပြောခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button