သတင်း

ဆားလင်းကြီးတွင် PDF ချုံခိုတိုက်ခိုက်ခံရ၊ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များကို စစ်ကောင်စီတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၁၂) တွင် ချုံခိုတိုက်ခိုက်ခဲ့ပြီး ဖမ်းမိသည့် PDF အဖွဲ့ဝင် ၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

ဆားလင်းကြီးမြို့တောင်ပိုင်းတွင် အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရန် သွားရောက်ကြစဉ် မြို့တောင်ဘက် ၁၇ မိုင်ခန့်ရှိ ရွှေကြက်တွန်ရွာအနီးတွင် စစ်ကောင်စီတပ်က စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသည့် ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးအနက် ၃ ဦးကို လည်လှီး၍ စစ်ကောင်စီတပ်က သတ်ဖြတ်သည်၊ ကျန် ၄ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ရေစကြိုမြို့အခြေစိုက် Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

“ကျွန်တော်တို့အဖွဲ့ ကားသုံးစီးနဲ့ အဲဒီစစ်ကြောင်းနောက်ကို လိုက်နေရင်း ရွှေကြက်တွန်ရွာနားမှာ အတိုက်ခံရတာ။ ကျွန်တော်တို့ရဲဘော်တွေက ကားပေါ်ကနေ အကုန်လုံး ခုန်ထွက်ဆင်း၊ အကုန်လုံး ပြေးရတာ။ အဲဒီနေရာက ယာကွင်းပြင်ကြီးထဲမှာ ခံပစ်စရာမရှိဘူး” ဟု ကိုအောင်မောင်းက ပြောသည်။

“လမ်းက အချိုးအကွေ့လေး၊ ယာကဇင်းဘေးတွေမှာ အကုန်ဝပ်ပြီး နေရာယူထားတာ။ အဲဒီအချိန်မှာ လက်ဦးမှု ယူသွားတာ”

ချုံခိုတိုက်ခိုက်ခံရစဉ် အတူပါလာသူများ ပြန်လည်ဆုတ်ခွာခွင့်ရရန် ပစ်ကူပေးနေရင်း ကျည်ထိသွားကြကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်များနှင့် အနီးဆုံးနေရာသို့ ရောက်ရှိသွားသည့်ကားတွင် ရေစကြိုမြို့အခြေစိုက် Shwe Nyar Myae PDF အဖွဲ့ဝင် ၇ ဦး စီးနင်းလာခြင်းဖြစ်သည်၊ ပစ်ခတ်မှုအတွင်း ၃ ဦးသာ အသက်ရှင် လွတ်မြောက်ခဲ့သည်။

“ကားက ဘေးနှစ်ဖက်က ဖွင့်မရဘူး၊ ရှေ့ခေါင်းကပဲ ဖွင့်လို့ရတဲ့ အနေအထားဖြစ်သွားတာ။ တံခါးက လော့ဖွင့်မရတဲ့အတွက် ထွက်ရတာ အဆင်မပြေဘူး။ ဝိုင်းပစ်ခံရတဲ့ အချိန်မှာ ၄ ယောက်က အချိန်မီ မထွက်နိုင်တော့ဘူး၊ ပြန်ထွက်လာနိုင်တဲ့ အချိန်မှာကျ ၃ ယောက်ပြေးလို့ရအောင် ၁ ယောက်က ခံပစ်ပေးနေတာ။ တရစပ်ဝိုင်းပစ်တော့ ၄ ယောက်လုံး ကျသွားတယ်” ဟု ကိုအောင်မောင်းက ပြောသည်။

အဆိုပါ လေးဦးမှာ အသက် ၃၂ နှစ်အရွယ် ရဲဘော် မင်းသား၊ အသက် ၃၀ အရွယ် ရဲဘော် ငတော၊ အသက် ၂၄ နှစ်အရွယ် ရဲဘော် ဘိုကေနှင့် အသက် ၂၄ နှစ်အရွယ် ရဲဘော် ကျန်စစ် ဆိုသူတို့ ဖြစ်ကြသည်။

ထိုသူ ၄ ဦးလုံး၏ ဦးခေါင်း၊ ခြေ၊ လက်တို့ မီးကျွမ်းနေသည်ကို Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။

PDF တပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် ကား

တချို့က အကာကွယ်ရှိရာသို့ ပြေးကြချိန်တွင် ကျည်ထိသွားသည်ဟု ကိုအောင်မောင်းက ပြောသည်။

“ကျွန်တော်တို့က ထန်းပင်တွေရှိတဲ့နေရာမှာ ကျည်ကွယ်မျက်ကွယ်ယူပြီးတော့ ပြန်လှည့်ပစ်နိုင်တာ။ ပြေးရင်း ရဲဘော် ဂဠုန် ထိသွားတယ်။ သူ့ကို ရဲဘော် ငထူးက ပစ်ကူပေးရင်း တွဲခေါ်နေတာ။ တွဲခေါ်တဲ့ ရဲဘော် ငထူးကလည်း ပြန်ပစ်နေရင်း ထိသွားတယ်၊ သူ့ကို မိသွားတော့ ဓားနဲ့ ဗိုက်ကို ထိုးပြီး လည်ပင်းလှီးသတ်သွားတယ်” ဟု ကိုအောင်မောင်းက ပြောသည်။

၂၈ နှစ်အရွယ် ရဲဘော် ဂဠုန်မှာ Zarmani Blood Guerilla Army – Myaing (PDF) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ၎င်းအား ကယ်ထုတ်ရန် ကြိုးပမ်းရင်း အသတ်ခံလိုက်ရသည့် အသက် ၂၀ အရွယ် ရဲဘော် ငထူးမှာ ရေစကြိုအခြေစိုက် ညီနောင်သုံးဖော်တပ်ဖွဲ့မှ ဖြစ်သည်။

၎င်းတို့နှင့် မလှမ်းမကမ်းနေရာတွင် လှည်ပင်း ဓားဖြင့် လှီး၍ အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏အလောင်းကို တွေ့ခဲ့ရပြီး ထိုသူမှာ ပုလဲမြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသာ စုံစမ်းနိုင်သေးသည်ဟု ကိုအောင်မောင်းက ပြောသည်။

“ကျွန်တော်တို့ အလောင်း ၇ လောင်းမှာ ၃ လောင်းလောက်ပဲ ပြန်ကောက်လို့ အဆင်ပြေတယ်။ ၄ လောင်းက မျက်နှာအပေါ်တစ်ပိုင်း၊ လက်ဖျားတစ်ပိုင်း မီးရှို့သွားတယ်။ ခန္ဓာကိုယ် အကုန်မလောင်ဘူး” ဟု ရဲဘော်အောင်မောင်းက ပြောသည်။

ချုံခိုတိုက်ခိုက်ခံရမှုအတွင်း သေနတ် ၂ နှစ်လက်၊ ၆၀ မမ အမျိုးအစား လက်လုပ်လက်နက်ကြီး ပြောင်း ၅ ခုနှင့် ဗုံးသီး၊ ဗုံးဆန်များ ဆုံးရှုံးခဲ့သည်ဟု သိရသည်။

စစ်တပ်က ရဲဘော် လေးဦးကို မီးရှို့သည့် နေရာအနီးတွင် ကားသုံးစီးကိုလည်း မီးရှို့ခဲ့ကြသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည့် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး စသည့် မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button