စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် စစ်တပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်နေပြီး လေကြောင်းကပင် တိုက်ခိုက်လာနိုင်သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များ၊ လေ့လာသူများက သုံးသပ်သည်။
တိုက်ပွဲ ဆက်တိုက်ဖြစ်နေပြီး ဒေသကို ထိန်းချုပ်ရန် ခက်ခဲလာချိန်တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ရသည့် စစ်ကိုင်း၊ ကယား၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတိုင်းတို့တွင် စစ်ရေးတိုးမြှင့် ထိုးစစ်ဆင်လာချိန်တွင် ၎င်းတို့က ထိုသို့ သုံးသပ်လိုက်ခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် ပုလောမြို့နယ်ကို စစ်တပ်က ထိုးစစ်ဆင်နေပြီး တိုရွာ၊ ပိတပ်ရွာ၊ မြဒေါင်ရွာ၊ ကျောင်းနိမ့်ကျေးရွာတို့တွင် ဖေဖော်ဝါရီ ၃ မှ စတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၃၀ ကျော် မီးရှို့ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၉ တွင် မြို့အဝင်ရှိ စစ်တပ်စခန်းက မြို့အရှေ့ဘက်ရှိ ကျောင်းနိမ့်ရွာကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဆရာစံက Myanmar Now ကို ပြောသည်။
“ပုလောကို ဒီပင်လယ်ထွက်ပေါက်ရွာတွေ အကုန်လုံးကို နေရာယူထားတယ်။ အဲဒီမှာ သူတို့တပ်တွေ ရှိတယ်။ မြေပြင်အခြေအနေအရဆိုရင် ကုန်းတွင်းပိုင်းမှာ ကျွန်တော်တို့ယူထားတယ်။ ပင်လယ်ထွက်ပေါက်တွေမှာ သူတို့ယူထားတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်မထားနိုင်သည့် မြို့ပြဒေသတွင် လမ်းပေါ် မောင်းနှင်နေသည့် ဆိုင်ကယ်များကို စစ်ခြင်း၊ စစ်ဆေးရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး ရိက္ခာစီးဆင်းမှုဖြတ်တောက်ခြင်းတို့ကို ပိုမိုပြုလုပ်လာသည်ဟုလည်း ပြောသည်။
“သူတို့ နယ်မြေကနေပြီးတော့ ကျွန်တော်တို့ နယ်မြေကို ဝင်တဲ့ဂိတ်တွေမှာ ဖြတ်တယ်။ ပုလောမြို့ဝင်တဲ့ ဂိတ်တွေမှာ အဓိကစစ်တယ်။ မန်ကျည်းကုန်းရွာမှာ ပိတ်တယ်၊ နန်းတောင်ရွာမှာ စစ်တယ်။ ပုလောတံတားမှာ ရှိသေးတယ်။ အဲဒီမှာ အစစ်အဆေးပိုများတယ်။ ရိက္ခာပိုင်းတွေ အဓိကစစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။
“စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်မှာ ပိတပ်နဲ့ မြဒေါင် ၂ ရွာက ပြေးနေရတယ်။ ဒေသခံ ၅၀၀ ကျော် ၆၀၀ လောက်ရှိတယ်။ ပုလောနယ်တစ်ခုလုံးဆိုရင် စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ လောက် ရှိတယ်” ဟု သူက ဆက်ပြောသည်။
“စစ်ရေးသတင်းတွေကို နားစွင့်ဖို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့ ပဲပြောချင်တယ်။ ရိက္ခာအခြောက်အခြမ်းလေးတွေ အရေးပေါ် သုံးလို့ရအောင် စုထားဖို့လိုတယ်။ ဆေးဝါး အရေးပေါ် ပြင်ထားဖို့လိုတယ်။ အရေးကြီးစာရွက်စာတမ်းတွေ စုစည်းထားဖို့ ပြောချင်တယ်”
ကော့ကရိတ်နှင့် ပခုက္ကူတွင်လည်း စစ်အင်အားတိုးမြှင့်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်လည်း စစ်တပ်က အင်အားတိုးမြှင့်ထားပြီး ဖေဖော်ဝါရီ ၆ ညပိုင်းတွင် မြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်များ လှုပ်ရှားသွားလာသည့် ကျေးရွာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။
မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်နှင့် ရေစကြို မြို့နယ်များတွင်လည်း စစ်တပ်က အင်အားတိုးမြှင့်ထားပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပခုက္ကူမြို့အနီးရှိ ကမ္မကျေးရွာမှ စစ်ကား ၁၅ စီးဖြင့် စစ်အင်အား ၂၀၀ ကျော် ပေါက်မြို့နယ် အရှေ့ဘက်ခြမ်းသို့ ချီတက်လာရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်လက်ယာက ပြောသည်။
“တိုက်ပွဲကတော့ သူတို့ဘက်က စစ်ကြောင်းထိုးရင် တိုက်ပွဲပိုပြီး ပြင်းထန်လာနိုင်တယ်။ ကျွန်တော်တို့ကတော့ စစ်ကြောင်းလာခဲ့ပါလို့ပဲ ခေါ်တယ်။ စစ်ကြောင်းမထိုးရင်လည်း ကျွန်တော်တို့ကတော့ ရှာဖွေတိုက်ရမှာပဲ” ဟု ပြောသည်။
သို့သော်လည်း တပ်အင်အား နည်းလာချိန်တွင် ရဲတပ်ဖွဲ့အင်အားကိုပါ အားပြုနေရသည့် မြေပြင်တပ်များမှာ မြို့အပြင်ဘက်ကို ၁ မိုင်ခန့်ပင် ကျော်လွန်လာခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။
“စစ်တပ်မှာ စစ်ထိုးစရာ အင်အားတော့ ရှိကိုမရှိတော့ဘူး။ တပ်အင်အား မရှိတော့လို့ ရဲတပ်ရင်းတွေနဲ့ တွဲပြီးတော့ လုပ်နေတာ။ အောက်ခြေမှာတော့ မြို့နားပတ်ချာလည်ကိုတောင် သူတို့ မထွက်ရဲတော့ဘူး” ဟု ၎င်းက ပြောသည်။
ပခုက္ကူမြို့ရှိ ၁၀၁ တပ်ရင်းတွင် စစ်အင်အား ၃၀၀ ကျော် တိုးမြှင့်ထားပြီး စစ်တပ်အရာရှိကြီးများလည်း ရောက်ရှိနေသည်၊ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် မြိုင်နှင့် ပေါက်မြို့နယ်တို့ကို ထိုးစစ်ဆင်လာနိုင်ခြေရှိသည်ဟု ပခုက္ကူ ခရိုင်တပ်ရင်း ၁၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သူတို့မှာ အစီအစဉ်တော့ ရှိမယ့်ပုံပေါ်တယ်။ စစ်ကြောင်း ကြီးကြီးမားမားထိုးမယ့် အရိပ်အယောင် လက္ခဏာတွေကိုတော့ ကျွန်တော်တို့ စစ်ဒေသမှူးတွေကလည်းပဲ သတိထားဖို့ ပြောထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်လေ့ရှိသည်၊ စစ်တပ်က မြေပြင်ထိုးစစ်တွင် နိုင်ခြေမရှိ၍ လေကြောင်းစစ်ကူ အသုံးပြုလာမည်ကို စိုးရိမ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်သူတွေအနေနဲ့ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်။ ကြိုတင်ပြင်ဆင်ပြီးတော့ ပုံးခိုကျင်းတွေ လုပ်ထားစေချင်တယ်။ ရှောင်ပုန်းမယ့်နေရာတွေမှာ ရိက္ခာတွေ စုထားဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
မြောင်တွင်လည်း စစ်ကောင်စီ အင်အားတိုးချဲ့
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် စစ်ကိုင်းတိုင်းတောင်ပိုင်း ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၇ တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အခြေစိုက်စခန်း ၂ ခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကိုလည်း စစ်တပ်က စစ်အင်အားတိုးချထားသဖြင့် ထိုးစစ်ဆင်ဖွယ် ရှိနေသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်တပ်က မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းမရှိသေးသော်လည်း မြင်းမူ-ချောင်းဦးလမ်းမပေါ်ရှိ မြောင်းလမ်းခွဲတွင် စစ်အင်အား ၁၅၀ ကျော် တိုးမြှင့်ထားပြီး ဧရာဝတီမြစ်အတွင်းရှိ ဆီမီးခုံကျေးရွာ ဆိပ်ကမ်းတွင်လည်း အင်အား ၂၀၀ နီးပါး ရောက်နေသည်ဟု မြောင်မြို့နယ်အခြေစိုက် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၄) ပြန်ကြားရေးတာဝန်ခံ ကိုဝေကြီးက ပြောသည်။
စစ်ကောင်စီလက်နက်ကိုင်တို့ စစ်ကြောင်းထိုးလာလျှင် ပြည်သူအများစုက ဘေးလွတ်ရာ တိမ်းရှောင်တတ်ကြသည်။ ထိုသို့ တိမ်းရှောင်လျှင် ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ဓားစာခံအဖြစ် ထိန်းသိမ်းခံရခြင်း စသည့် အခြေအနေတို့မှ ကင်းလွတ်နိုင်သလို တော်လှန်ရေးအဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုကိုလည်း အထောက်အကူပြုသည်ဟု ဆိုသည်။
“ကျွန်တော်တို့ တိုက်ပွဲ ဖော်ဆောင်တဲ့အခါမှာ ရပ်ရွာတွေနဲ့ နီးတဲ့ ဒေသတွေဖြစ်တော့ စစ်ကြောင်းလာတာနဲ့ စစ်ကြောင်းနဲ့ အဝေးဆုံးနေရာကို သွားပေးနိုင်ရင်တော့ ကျွန်တော်တို့လည်း လုပ်ရကိုင်ရတာ ပိုကောင်းပါတယ်” ၎င်းက ပြောသည်။
“ပြည်သူတွေ ခံနေလို့ ကျွန်တော်တို့ မလုပ်လိုက်ရတာတွေ များတယ်။ ပြည်သူတွေကို ထိခိုက်မိမှာ စိုးရိမ်လို့ပေါ့။ ဒါကြောင့် စစ်ကြောင်းလာတယ်ဆိုတဲ့ အသံကြားတာနဲ့ စစ်ကြောင်းနဲ့ အဝေးဆုံးနေရာကို ရှောင်တိမ်းဖို့ ပြောချင်ပါတယ်”
နိုင်ငံအနှံ့ ၂ နှစ်ကြာ ပစ်ခတ်မှုများအတွက် အဓိကတာဝန်ရှိသူဖြစ်သော အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ဒေသများတွင် အကြမ်းဖက်မှု လျော့ပါးအောင် လုပ်ဆောင်မည်၊ ၆ လအတွင်း တည်ငြိမ်လာမည်ဟု ဖေဖော်ဝါရီ ၉ စစ်ကောင်စီ အစည်းအဝေးတွင် ပြောသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ၃၇ မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်တပ်က တပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ရေး၊ ပို့ဆောင်ရေး ကူညီနေသည့် မြို့ပေါ်နေ ပြည်သူလူထုကို ပိုမိုဖိနှိပ်လာနိုင်သည်ဟု စစ်ကောင်စီကို မြေပြင်တွင် ရင်ဆိုင်တိုက်ခိုက်နေသော၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသော ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့ မြိုပေါ် ၃၇ မြို့နယ်က ပြည်သူတွေအပေါ်မှာ ဖုန်းတွေ စစ်တာတွေ၊ ဝင်ငွေတွေ စစ်တာတွေ ပြီးရင် အိမ်တွေကို ခါတိုင်းလိုမျိုး ရပ်ကျေးဥက္ကဋ္ဌတွေမပါဘဲနဲ့ ပိုပြီးတော့ ခပ်စိပ်စိပ် ကြမ်းကြမ်းတမ်းတမ်းတွေ ဆောင်ရွက်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ တပ်မတချို့ကို နောက်တန်းပြန်ပို့ပြီး အနားယူခိုင်းထားသည့် သတင်းကြားထားသည်၊ ထိုတပ်များကို အနောက်မြောက်တိုင်းတွင် အစားထိုး အသုံးပြုလာနိုင်သည်ဟု ၎င်းက ယူဆသည်။
“ဒီအင်အားတွေနဲ့ပဲ ထပ်ပြီးတော့ ထိုးစစ်ဆင်မလားဆိုတာကိုတော့ သတိကြီးကြီးထားပြီးတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။ ပေါ့လို့တော့ မရပါဘူး။ ဒါက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ ၃၇ မြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရော ပြည်သူတွေရော ပိုပြီးတော့ ဂရုစိုက်ဖို့လိုပါတယ်” ဟု ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)