သတင်း

၂၀၂၂ ခုနှစ်အတွင်း တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာသန်း ၄၀၀ ကျော်ဖိုးရှိခဲ့

လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဘက်မှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု အမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော်ဖိုးရှိခဲ့ကြောင်း ဒီဇင်ဘာလက ထုတ်ပြန်သည့် တရုတ်အစိုးရ၏ အကောက်ခွန်ဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။

ယနေ့ ခေတ်စားနေသည့် လျှပ်စစ်ကားများ အပါအဝင် အဖိုးတန် အီလက်ထရောနစ်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ အရေးကြီးကိရိယာများ ထုတ်လုပ်ရာတွင် မရှိမဖြစ်အရေးပါသည့် မြေရှားသတ္တုကို တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် တူးဖော်တွေ့ရှိရသည်။

၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၀ ခန့်သာရှိခဲ့သော်လည်း စစ်တပ် က အာဏာသိမ်းပြီးနောက် တရားမဝင် မြေရှားတူးဖော်မှုများ မြင့်တက်လာကာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာသန်း ၇၀၀ ကျော်အထိပင် ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မြန်မာဘက်မှ တရုတ်သို့ မြေရှားတင်သွင်းမှု တန်ချိန်တစ်သိန်းခန့်အထိ ရှိခဲ့ပြီး စုစုပေါင်းတင်သွင်းမှု၏ ၉၀ ရာခိုင်နှုန်းဖြစ်သည်ဟု ရှန်ဟိုင်းသတ္တုဈေးကွက် (SMM) ၏ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စာရင်းများအရ သိရသည်။​

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြေရှား သတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံ ၁၁ ခုရှိသည့်အနက် ပထမနှင့် ဒုတိယနေရာတွင် တရုတ်နှင့် အမေရိကန်တို့ရှိနေပြီး မြန်မာနိုင်ငံက တတိယမြောက်ဖြစ်သည်။

တရုတ်နိုင်သည့် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်ကို စိုးမိုးထားပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာသို့ မြေ ရှားသတ္တုတင်ပို့မှု ဒေါ်လာ ၃၅ ဘီလျံအထိ ရှိခဲ့ကာ အဓိကအားဖြင့် ဂျပန်နှင့် အမေရိကန်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာတစ်လတည်း၌ပင် တန်ချိန် ၄၉,၀၀၀ ကျော်ရှိကြောင်း ရှန်ဟိုင်းသတ္တုဈေးကွက်၏ အချက်အလက်များက ဆိုသည်။

မြေရှားသတ္တု အများဆုံး ထုတ်လုပ်တင်ပို့နေသည့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှား သတ္တုများ နှစ်စဉ်တိုးမြင့် ရောက်ရှိ နေသည်။ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၁၇ မှ ၂၀၂၁ အတွင်း မြန်မာမှ တရုတ်သို့ မြေရှားသတ္တုတန်ချိန် တစ်သိန်း လေးသောင်းကျော် ရောက်ခဲ့ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဘီလျံ ခန့်ရှိသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ ဒီသတ္တု တူးဖော်မှုနဲ့ ထုတ်လုပ်ရောင်းချမှုကနေ အကျိုးအမြတ်ရနေပါတဘ်” ဟု Global Witness အဖွဲ့မှ တာဝန်ရှိသူ Clare Hammond က ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။​စစ်ကောင်စီ၏ နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ ပြည်ပပို့ကုန်ဝင်ငွေများတွင် သယံဇာတကဏ္ဍမှ ဒေါ်လာ ၂၃၅ သန်းကျော် ရှိသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုကို ကန့်ကွက်ဆန္ဒပြနေသည့် ဒေသခံများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ကမ္ဘာ့မြေရှားသတ္တု ဈေးကွက်ကို စိုးမိုးထားသည့် တရုတ်နိုင်ငံတွင် နှစ်စဉ်ဈေးကွက် လိုအပ်ချက် ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်ဟု တရုတ်သတ္တုစျေးကွက် သုတေသနေ ဝက်ဘ်ဆိုဒ် စာမျက်နှာ တစ်ခုဖြစ်သော Cnyxx က ယခုလဆန်းပိုင်းတွင် ဖော်ပြထားသည်။

ဈေးကွက်လိုအပ်ချက်အရ တရုတ်နိုင်ငံတွင် မြေရှားသတ္တုကို အကြီးအကျယ် တူးဖော်ထုတ်လုပ်ခဲ့ရာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးကာ ဓာတုအဆိပ်သင့်မှုကြောင့် ကျေးရွာများတွင် အရိုး ကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာတို့အပြင် အသက်ရှူလမ်းကြောင်းနှင့်ဆိုသော ရောဂါ ဖြစ်ပွားမှု မြင့်တက်ခဲ့သည်။​

ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်း၌ မြေရှားသတ္တု ထုတ်လုပ်မှုကို ကန့်သတ်ခဲ့ရာ ရလဒ်အနေဖြင့် မြေရှားသတ္တု တူးဖော်သူအများအပြား ထိန်းချုပ်မှုနည်းပါးသည့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွှေ့ ရောက်ရှိလာကြသည်။​

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမြောက်ဖျားပိုင်း၌ မြေရှားသတ္တုတူးဖော်မှုများ သိသိ သာသာ များပြားလာကာ ကောင်းကင်ဓာတ်ပုံများအရ ကချင်ပြည်နယ် ဗန်းမောက်ဒေသ၊ မံစီနှင့် လွယ်ဂျယ်တို့တွင် မြေရှားတူးဖော်သည့်နေရာများ တွေ့ရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မံစီမြို့နယ်အတွင်းရှိ အင်ဘာပါနှင့် ဒိန်ဆိန်းဒေသတို့တွင် ရာဂ ဏန်းရှိ ဒေသခံများက မြေရှားသတ္တု တူးဖော်မှုများအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ မြေရှား တူးဖော်ရာတွင် ဓာတုပစ္စည်းများ အလွန်အကျွံ သုံးစွဲကာ မြစ်ချောင်းတောတောင်းများအတွင်း အလွယ်တကူ စွန့်ပစ်သဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာသည်ဟုလည်း ဒေသခံများက ဆိုသည်။​

တကျော့ပြန် စစ်အာဏာသိမ်းမှုနှင့်အတူ အရှိန်မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် သယံဇာတထုတ်ယူခြင်းများ အထိန်းအချုပ်မဲ့ ကြီးထွား လာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဌာနေ တိုင်းရင်းသားများ မဟာမိတ်အင်အားစု (ABIPA) က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button