စစ်ကိုင်းတိုင်းတောင်ပိုင်း ဆားလင်းကြီးမြို့နယ်တွင်းရှိ တော်လှန်ရေးအဖွဲ့ အခြေစိုက်စခန်းနှစ်ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၇)တွင် ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးသွားသည်။
အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းက နယ်မြေချင်းထိစပ်နေသည့် ဆားလင်းကြီး မြို့နယ်နှင့် ယင်းမာပင်မြို့နယ်ကြားရှိ Myanmar Revolution Army – MRA၊ သမန်ကျားပြောက်ကျားတပ်ဖွဲ့ စခန်းတို့ကို တိုက်ခိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က MRA စခန်းရှိရာသို့ ထိုနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရောက်လာပြီး ငါးမိနစ်ခန့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ ထို့နောက်တွင် စခန်းကို ဝင်ရောက်မီးရှို့သွားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
“ကျွန်တော်တို့စခန်းက ကုန်းပေါ်မှာဆိုတော့ ဒီကောင်တွေက စခန်းအောက်မှာ (နေရာယူ)နေတာ။ တောင်ပေါ်ကို ငါးယောက်လောက် အရင်တက်ပြီးတော့ သောက်ရေပုံးတွေ ချသောက်တယ်။ ပြီးတော့ မီးရှို့သွားတာ”ဟု MRA တာဝန်ခံက ပြောသည်။

MRA စခန်း စီးနင်းခံရပြီး နာရီပိုင်းအကြာတွင် ယင်းစခန်းနှင့် မလှမ်းမကမ်းရှိ သမန်ကျား ပြောက်ကျားတပ်ဖွဲ့ စခန်းကိုပါ စစ်ကောင်စီက တစ်ပါတည်း ဝင်ရောက်ဖျက်ဆီးသွားသည်ဟု ထိုအဖွဲ့များထံမှ သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ ပြန်ထွက်သွားချိန်တွင် MRA စခန်းအတွင်း မီးရှို့ခံထားရသဖြင့် မည်သူမည် ဝါခွဲခြားမရနိုင်သည့် ရုပ်အလောင်း တစ်လောင်း တွေ့ရသည်ဟု တော်လှန်ရေးအင်အားစုတို့က ပြောသည်။
စခန်းများကို စီးနင်းခံရချိန်တွင် တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ ၎င်းတို့ ထောင်ထားသည့် မိုင်း ခြောက်လုံး ထက်မနည်း ထိ၍ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိမည်ဟု တော်လှန်ရေးအဖွဲ့များက ခန့်မှန်းသည်။
MRAစခန်းစီးနင်းခံရမှုအတွင်း လက်လုပ်လက်နက်ကြီးများ၊ လက်နက်ခဲယမ်းများအပါဝင် အခြားဆက်စပ်ပစ္စည်းများ ခန့်မှန်းခြေ သိန်း ၂၀၀ ကျော် ဆုံးရှုံးသွား၍ ပြန်လည်ထူထောင်ရန် အကူအညီ လိုအပ်နေသည်ဟု အထက်ပါတာဝန်ခံကပြောသည်။
“ကျွန်တော်တို့ ရွာထဲလည်း နေလို့မရဘူး။ ရွာထဲနေရင် ဒီကောင်တွေက ရွာ မီးတိုက်သွားမှာ။ အဲဒါကြောင့် စခန်းပြန်ထူထောင်ရမယ်။ ယမ်းတို့ဘာတို့ဝယ်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့က ဘာမှမရှိရင် အပ်နဲ့ထိုးမှာ။ အဓိက တော်လှန်ရေးဆက်လုပ်ချင်တယ်”ဟု ၎င်းက ပြောသည်။
သမန်ကျားပြောက်ကျားတပ်ဖွဲ့ စခန်း ပျက်ဆီးဆုံးရှုံးမှုနှင့် အထက်ပါ ဖြစ်စဉ်များ၏ အသေးစိတ်ကို သီးခြားအတည်မပြုသေးပေ။ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲ ဖြစ်သည်။
စစ်ကိုင်းတိုင်းသည် အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်ဖြင့် ပြင်းထန်စွာခုခံနေသည့် နိုင်ငံ အနှံ့ ဒေသများအတွင်း ပါဝင်သည်။ စစ်ကိုင်းတွင် ၎င်းတို့ကို ခုခံသူများကို စစ်ကောင်စီတပ်က လေကြောင်းပါသုံး၍ တိုက်ခိုက်နေသလို စစ်ကြောင်းဝင်သည့်ရွာများ မီးရှို့ ဖျက်ဆီးခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



