
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၁) က စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်ကြစဉ် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့မှ လူငယ်သုံးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး တစ်ဦးမှာ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူ လူငယ်ဖြစ်သည်ဟု သိရသည်။
ရွှေဘိုမြို့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ဘုန်းဘွဲ့ကျေးရွာအနီး မန္တလေး-မြစ်ကြီးနားလမ်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ရင်း ရဲဘော်သုံးဦး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တစ်ဖွဲ့ဖြစ်သော Black Wolf PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့သူများမှာ မှတ်တမ်းဓာတ်ပုံရိုက်သူ အသက် ၁၈ နှစ်အရွယ် ကိုခန့်သီဟ၊ တပ်စုမှူး ၃၀ နှစ်အရွယ် ရဲဘော်ကိုပိုင်ကြီးနှင့် ၂၇ နှစ်အရွယ် ရဲဘော်ဝင်းစိုးတို့ဖြစ်သည်ဟု ၎င်းက ပြောသည်။
“မစ်ရှင်သွားရင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ။ ဒီကောင်တွေက လက်နက်ကြီးနဲ့ ပစ်လို့ ထိတာပေါ့၊ တိုက်ပွဲကတော့ ဖြစ်တာကတော့ မိနစ် ၃၀ လောက် ကြာတယ်၊ လက်နက်ကြီးထိတာ” ဟု Black Wolf PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
သေဆုံးခဲ့သည့် အဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများကို ယမန်နေ့တွင် ကောက်ယူကာ နေ့ချင်းပြီး သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံမှတ်တမ်းရိုက်သူ ကိုခန့်သီဟသည် ရန်ကုန်လူထုသပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ မြို့ပြတိုက်ပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် မြို့ပြသပိတ်တိုက်ပွဲများနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏မီးရှို့မှုမှတ်တမ်းများကို ပုံမှန်ဖော်ပြလေ့ရှိသည့် Nway Oo Photography အဖွဲ့၏ ပင်တိုင်ဓာတ်ပုံဆရာတစ်ဦးလည်းဖြစ်ကာ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြပွဲပြုလုပ်ရန် ပြင်ဆင်နေသူဖြစ်သည်ဟု PDF တာဝန်ရှိသူထံမှ သိရသည်။
“ရှေ့တန်းမြေပြင်ဓာတ်ပုံတွေ အများကြီးကျန်သေးတယ်ဗျ။ သူ့အတွက်လည်း အမှတ်တရဖြစ်အောင် လွတ်မြောက်နယ်မြေတစ်နေရာမှာ ဓာတ်ပုံပြပွဲတွေ လုပ်ဖို့ ရှိသေးတယ်”

အဆိုပါအဖွဲ့နှင့် ထိတွေ့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ ဘုန်းဘွဲ့ရွာမှ လေးမိုင်ခန့်အကွာ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းက စိုင်နိုင်လေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စိုင်နိုင်လေးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။
“မူးဘောင် (မူးမြစ်မှတစ်ဆင့် ရေကြီးရေလျှံမှုကို ကာကွယ်ရန် တည်ဆောက်ထားသည့် တာဘောင်) ပေါ်မှာ မိုင်းတွေနဲ့ တိုက်ခိုက်နိုင်တယ်။ သူတို့ရှိတဲ့နေရာကို ဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်၊ အကျအဆုံးတွေတော့ ရှိနိုင်တယ်” ဟု အထက်ပါ ပကဖတာဝန်ခံက ဆိုသည်။
အဆိုပါစစ်သားများသည် စိုင်နိုင်လေးရွာတွင် ခေတ္တတပ်စွဲပြီးနောက် ညပိုင်းတွင် ရွှေဘိုမြို့ဘက်သို့ ထွက်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ်တွင် မိုင်းထောင်ရန် ပြင်ဆင်နေသည့် ကာကွယ်ရေးအဖွဲ့ဝင်များနှင့် စစ်တပ်တို့ ထိပ်တိုက်တိုးကာ အပြန်အလှန်အလှန်ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့သည်။
ယမန်နှစ် အောက်တိုဘာ ၈ ရက်က ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ် လေးစီးဖြင့် ပစ်ခတ်ခဲ့ရာ ရွာအတွင်းပိတ်မိနေသော ဒေသခံများကို ကာကွယ်ရေးအဖွဲ့များက ကယ်ထုတ်ရာ အဆိုပါအဖွဲ့မှ စနိုက်ပါတပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသည်ဖြစ်ရာ တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ထက်ဝက်ခန့်သာ ရာခိုင်နှုန်းပြည့် ထိန်းချုပ်နိုင်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လွန်ခဲ့သည့်နှစ်ရက်က ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး၌ ဝန်ခံပြောဆိုခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)