သတင်း

စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်ရန် လွတ်လပ်သော ဈေးကွက်ယှဉ်ပြိုင်မှု လိုအပ်

မြင့်တက်လာနေသော စက်သုံးဆီဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်နှင့် ကမ္ဘာ့ဈေးနှုန်းနှင့်ကွာဟမှု လျော့ကျစေရန်အတွက် စက်သုံးဆီကို နိုင်ငံခြားမှ တိုက်ရိုက်လာရောက် ရောင်းချစေရန် လိုလားကြောင်း မင်္ဂလာတောင်ညွှန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေလ ၂၄ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

“(မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေး) အသင်းက တာဝန်ရှိသူတွေက လွှတ်တော်မှာ ကျွန်တော်တို့နဲ့ လာတွေ့ပြီးတော့ ဆီဈေးတွေတက်ရတဲ့ အကြောင်းရင်းနဲ့ သူတို့အခက်အခဲကို ပြောပြတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြည်သူအဆင်ပြေဖို့ကို အဓိကထားတယ်”ဟု ၎င်းကပြောသည်။

စက်သုံးဆီ လက်လီဈေးသည် ရန်ကုန်၌ မေ ၂၄ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၉၀၅ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၉၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၈၇၀၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ကျပ် ၉၂၀ နှုန်းရှိပြီး ရန်ကုန်နှင့်ဝေးလေ ဈေးပိုမြင့်မားလေဖြစ်သည်။ ယင်းဈေးနှုန်းများသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၀၀ ကျော်မျှတက်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်ပ စက်သုံးဆီဈေးသည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၈ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ ဒီဇယ် တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ၉၂ ဒေါ်လာ နှုန်းရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသော်လည်း ယင်းဈေးနှုန်းသည် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့ဆီဈေးနှုန်းများထက် လျော့နည်းကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က မေ ၂၂ ရက်က ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စက်သုံးဆီကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းရန်အတွက် တန်ချိန် ၅၀,၀၀၀ တင်ဆောင်နိုင်သည့် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများမရှိသဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၂၅,၀၀၀ တင်နိုင်သည့် သင်္ဘောများဖြင့်သာ တစ်ဆင့်ခံ တင်သွင်းနေရကြောင်း၊  ထို့ကြောင့် သယ်ယူစရိတ် ပိုမိုကုန်ကျသည့်အတွက် ဈေးနှုန်း ကြီးမြင့်နေရခြင်းဖြစ်ကြောင်း ထိုအသင်းတာဝန်ရှိသူများက ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးကမူ တန်ချိန်များသည့်သင်္ဘောများအတွက် ဆိပ်ကမ်းတည်ဆောက်ရေးမှာ ကြာဦးမည်ဖြစ်ပြီး ကြားကာလတွင် စက်သုံးဆီ ဈေးတက်ခြင်းကို ဖြေရှင်းရန် လိုသည်ဟု ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးကမူ “ရန်ကုန်မှာ စက်သုံးဆီဆိုင်တွေဖွင့်ဖို့ နိုင်ငံခြားက လာရင်းနှီးမြှုပ်နှံဖို့ဆိုတာလည်း ခက်မှာပဲ။ ရန်ကုန်မှာ နေရာမှမရှိတာ” ဟု ပြောသည်။

“အခု ကမ္ဘာ့ဆီဈေးမြင့်လို့ ဒီမှာပါ လိုက်တက်တယ်ပေါ့ဗျာ။ ဒီတော့ ကျွန်တော်တို့ကလည်း ဈေးတက်တာပေါ့။ ဆီဈေးတက်တာဟာ ကုန်ဈေးနှုန်းတက်ရခြင်းရဲ့ အကြောင်းရင်းပဲ။ ဒါကို သေချာ ထိန်းချုပ်နိုင်ဖို့လိုတယ်”ဟု အောက်တိန်း ၉၂ ကို နေ့စဉ်အသုံးပြုနေသည့် အငှားယာဉ်မောင်း ကိုဆန်းမြင့်နိုင်က ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား Total Oil Asia- Pacific Ltd မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လာရောက်တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ထားချက်များအရ ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံဖိုး ရှိကြောင်းနှင့် လတ်တလောကာလတွင် စက်သုံးဆီတင်သွင်းရောင်းချခြင်းနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု မရှိသေးကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီအရောင်းဆိုင်၂၀၀၀ ကျော်ခန့်ရှိကာ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသည့် ပြည်တွင်းကုမ္ပဏီ ၇၀ ခန့်ရှိကြောင်း ယင်းအသင်း၏စာရင်းများအရ သိရသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ယခုလအတွင်း မေးခွန်းများ မေးမြန်းခဲ့ရာ စက်သုံးဆီဈေးနှုန်းကို အရောင်းဆိုင်များ ညှိနှိုင်းပြီး ရောင်းချသည့် ဈေးနှုန်းမဟုတ်ဘဲ ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ဖြစ်စေရန် တိုင်းအစိုးရအနေဖြင့် အစီအမံတစ်ရပ် ချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးမြင့်သောင်းက မေလ ၅ ရက်နေ့က ဖြေကြားသည်။

Show More

Related Articles

Back to top button