
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ယမန်နေ့ (ဇန်နဝါရီ ၃၁) ညနေပိုင်း၌ စစ်တပ်က အမြောက်ဖြင့် ပစ်ခတ်စဉ် ကလေးသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်က အမြောက်ပစ်ခတ်စဉ် မင်းတပ်မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ အုံကျေးရွာ ဆေးပေးခန်းအနီး ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ အရွယ် နှစ်ဦး၊ ၁၄ နှစ်အရွယ် တစ်ဦးနှင့် ၄၂ နှစ် အရွယ် တစ်ဦး စုစုပေါင်း လေးဦး ထိခိုက်ဒဏ်ရာရကာ အားလုံးမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။
“ရွာထဲကို ၃ ချက် ကျတယ်။ နှစ်ချက်က ဘာမှမဖြစ်ဘူး။ ရွာဘေးနား ကျတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူး။ ဆေးပေးခန်းနားမှာ ကျတော့ ဆေးပေးခန်းလည်း ပျက်စီးသွားတယ်”
“ဆေးပေးခန်းနားမှာ ရှိတဲ့ ဂျစ်ကားတစ်စီးရယ်၊ နေအိမ်တစ်လုံးရယ်၊ ဆေးပေးခန်းရယ် ပျက်စီးသွားပြီးတော့ အနားဝန်းကျင်မှာ ရှိတဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဆလိုင်းယောမန်က ပြောသည်။
ဒဏ်ရာရသူ လေးဦးလုံးမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ပေါင်တွင် ထိခိုက်ဒဏ်ရာရသည့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးနှင့် ဘယ်လက် ကျည်ထိမှန်သည့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တို့မှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့် နယ်မြေချင်း ထိစပ်နေသည့် ယောနယ်အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးစဉ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟုလည်း ကိုဆလိုင်းယောမန်က သုံးသပ်သည်။
“စစ်ကြောင်းမှာ ပဒေသာမိုင်းမိတော့ အယောက် ၇၀ ကျော်က ၄၅ ယောက်ပဲ ကျန်တော့တယ်။ ကျောက်ထုတပ်ထဲ ပြန်ဝင်သွားပြီးနောက်ပိုင်း ကျောက်ထုအမြောက်တပ်ကရော မင်းတပ်ကရော ပတ်ပတ်လည်ကို အမြောက်နဲ့ ထုတော့တာ။ စစ်ကြောင်းမှာ လူတော်တော်များများ သေသွားတဲ့အပေါ် သူတို့ ဒေါသထွက်ပြီး တုံ့ပြန်တယ်လို့ ယူဆလို့ရတာပေါ့” ဟု ၎င်းက ပြောသည်။
မင်းတပ်မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်နည်းတူ အဝေးပစ်အမြောက် (ဟောင်ဝစ်ဇာ) များဖြင့်လည်း ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံအများစုမှာ အိုးအိမ်ပစ်ပြီး တောင်ယာများတွင် ခိုလှုံနေရကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်း ဂျက်တိုက်လေယာဉ်များ နေ့စဉ် ပျံဝဲလျက်ရှိကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း သုံးကြိမ်ထက်မနည်း ညဘက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာပြီး ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကပင် ချင်းအမျိုးသားတပ်ဦးဌာနချုပ် တည်ရှိရာ Victoria Camp ကို နှစ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲခဲ့ရာ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)