
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင် စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် အသံတိတ်သပိတ်ကိစ္စ Facebook တွင် မျှဝေသည့် အမျိုးသမီးတစ်ဦး ယမန်နေ့က အဖမ်းခံရပြီး အကြမ်းဖက်ပုဒ်မဖြင့်ပါ အမှုဖွင့်ခံရသည်။
ဇဗ္ဗူသီရိမြို့နယ်တွင် နေထိုင်သည့် မစိုးရတနာဦးက သူ၏ Facebook အကောင့်တွင် အသံတိတ်သပိတ် မအောင်မြင်စေရန် နည်းမျိုးစုံသုံး၍ ခြိမ်းခြောက်နေသည့် စစ်ကောင်စီကို လှောင်ပြောင် ရေးသားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖမ်းဆီးခံရသည်။
“တချို့သော သူတွေများ 1.2.2023 ရက်နေ့ကို ဘယ်လိုတောင် ကြောက်နေလိုက်သလဲနော်။ CCCT ဆိုပြီး ဘာတွေပို့နေတာလဲ၊ နီတို့တွေ အသေကြောက်နေတာလား။ ဟုတ်လား ဘာတဲ့ like ၊ share ၊ comment မလုပ်ရ ဟုတ်လား ရီချင်တာပေါ့ဟာ” ဟု ၎င်းက Facebook လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့နောက်တွင် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ် ဟန်ငြိမ်းဦးက Soe Yandar 00 အကောင့်ပိုင်ရှင်မှာ နေပြည်တော် သပြေကုန်း ဧကရီဓာတ်ခွဲခန်းတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြလာပြီးနောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
“ဇန်နဝါရီ ၃၀ ရက်မှာ ဖမ်းပြီး ၃၁ ရက်မှ ဇဗ္ဗူသီရိမြို့နယ်တရားရုံးကို ရုံးတင်တယ်၊ ကလေးမက အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
မစိုးရတနာဦးကို စစ်ကောင်စီက ထောင်ခုနစ်နှစ်အထိ ချနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ဇန်နဝါရီ ၃၁ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင် မစိုးရတနာဦးကို တည်ငြိမ်မှုပျက်ပြားရန် လှုံ့ဆော် ဝါဒဖြန့်၍ ဖမ်းဆီးထားသည်ဟု ဖော်ပြထားသည်။
ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီများက ပြည်သူတို့၏ ဖုန်းများသို့ စာများပေးပို့ခဲ့ပြီး ယင်းတွင် လူမှုကွန်ရက်မီဒီယာများပေါ်တွင် အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ပို့စ်များ like ၊ share ၊ comment ပေးခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်သည်ဟု ပါရှိသည်။
စစ်ကောင်စီ၏ ထိုခြေလှမ်းမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ တိတ်ဆိတ်သည်အထိ ပြည်သူတို့ ဆန့်ကျင်ပြခဲ့သည့် အသံတိတ်သပိတ် သုံးကြိမ်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ယနေ့ (ဖေဖော်ဝါရီ ၁) လေးကြိမ်မြောက် အသံတိတ်သပိတ် နေပြည်တော်တွင် မအောင်မြင်စေရန် ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း အသက်သုံးဆယ်ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“တစ်နိုင်ငံလုံးမှာ အသံပိတ်သပိတ်လုပ်ဖို့ ရေးတဲ့သူတွေ မျှဝေတဲ့သူတွေ အများကြီးပါ။ ဒါကို နေပြည်တော်ကသူကို ဖမ်းဆီးအရေးယူတယ်ဆိုတာ အသံပိတ်သပိတ်ကို စစ်ကောင်စီက ဘယ်လောက်ကြောက်လဲဆိုတာ ပေါ်လွင်စေတယ်။”
စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့်သော ယနေ့ (ဖေဖော်ဝါရီ ၁) တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများက အသံတိတ်သပိတ်ဆင်နွှဲရန် လူထုကို ဆော်ဩထားရာ ရန်ကုန်မြို့ လမ်းများပေါ်၌ လူသူကင်းရှင်းနေသည်ကို တွေ့ရသည်။ ထို့အတူ အခြေခံပညာအထက်တန်းကျောင်း ပိတ်ရက်မဟုတ်သော်လည်း ကျောင်းများ တိတ်ဆိတ်ရှင်းလင်းနေသည်။
နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း မိမိတို့ နေအိမ်၊ ဆိုင်များအတွင်းမှာပင် နေထိုင်ပြီး လမ်းပေါ်မထွက်ဘဲ နေထိုင်၍ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသရန်၊ စစ်ကောင်စီက လေသံပစ်ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
ယခင်ပြုလုပ်ခဲ့သော အသံတိတ်သပိတ်များတွင်လည်း နိုင်ငံတစ်ဝန်း လူသူကင်းဆိတ်ကာ အောင်မြင်ခဲ့သည့်အစဉ်အလာရှိထားသည်။ စစ်ကောင်စီကလည်း အသံတိတ်သပိတ်ဆင်နွှဲမှုများကို ခြိမ်းခြောက်သည်၊ ဖိနှိပ်သည်။
ယနေ့တွင်လည်း ယနေ့အသံတိတ်သပိတ် မအောင်မြင်စေရန် စစ်ကောင်စီက နိုင်ငံအနှံ့တွင် နည်းလမ်းမျိုးစုံဖြင့် ပြင်ဆင်နေသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)