သတင်း

ရွှေဘိုတွင် ရာနှင့်ချီသည့် နေအိမ်များ မီးရှို့ခံရကာ ဒေသခံ ၃ ဦးလည်း သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်းအလယ်ပိုင်း မူးမြစ်တစ်လျှောက်တွင် စစ်တပ်က မီးရှို့ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး ရွှေဘိုမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ သုံးဦး အသတ်ခံရသည်ဟု သိရသည်။

ရွှေဘိုမြို့နယ်အတွင်းသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်က မူးမြစ်အရှေ့ဘက်ကမ်းရှိ မအူပင်အရှေ့ရွာနှင့် အနောက်ရွာများကို ယခုလ ၂၈ ရက်တွင် ဝင်ရောက်တပ်စွဲပြီးနောက် မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၃၀၀ ခန့် ဆုံးရှုံးသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်ထွက်သွားပြီးနောက် ယနေ့ (ဇန်နဝါရီ ၃၁) တွင် ရွာအတွင်း ပြန်လည်ဝင်ရောက်ကာ မီးငြှိမ်းသတ်နေရကြောင်း ဒေသခံ ရွာသားတစ်ဦးက ပြောသည်။​

“အရှေ့ရွာကတော့ ၂၀၀ ကျော်အထိ ပါသွားတာ။ ကျွန်တော်တို့ အမျိုးတွေ အိမ်အကုန်ပါသွားတာ။ ကျွန်တော့်အဖေအိမ် ပါသွားတယ်။ (အုတ်နံကပ်) နှစ်ထပ်အိမ်ကို ဘယ်လိုရှို့သွားလဲမသိ၊ လုံးဝကို ပြိုကျသွားတာ” ဟု ၎င်းက ဆိုသည်။

ယမန်နေ့တွင် စစ်တပ်ထွက်သွားပြီးနောက် ရွာအတွင်း ဝင်ကြည့်စဉ် ကောက်ရိုးပုံပေါ် မီးတင်ရှို့ထားသည့် အလောင်းနှစ်လောင်း တွေ့ရှိရပြီး အရိုးစုသာ ကျန်တော့သည်ဟု သိရသည်။

“အလောင်းတွေက မပီတော့ဘူး။ အရိုးတွေဖြစ်နေပြီ၊ လက်ဆစ်တွေပြုတ် ခြေဆစ်တွေပြုတ်နဲ့၊ လက်ကျန်တွေကောက်ပြီး မီးသင်္ဂြိုဟ်ပေးရတာ ဆိုးဆိုးရွားရွားပဲ၊ လက်နက်ကိုင်အနိုင်ကျင့်တာ” ဟု အထက်ပါဒေသခံက ဆိုသည်။

သတ်ဖြတ်ခံရသူများသည် အသက် ၅၀ အရွယ် ဦးကံထူးနှင့် ၅၅ နှစ်အရွယ် ဦးမြင့်သန်းတို့ ဖြစ်ကြောင်း၊ စစ်သားများဝင်ရောက်ချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကိုလည်း စစ်တပ်က လိုက်လံပစ်ခတ်ခဲ့ပြီး ဒေသခံများ ခိုအောင်းနေထိုင်သည့် တဲများကိုလည်း မီးရှို့ဖျက်ဆီးသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ဆိုသည်။

“ပြည်သူက စစ်ကြောင်းကို ကြောက်လို့ တစ်မိုင်မရှိတစ်ရှိ လယ်ကွင်းတွေထဲ ထွက်နေပါတယ်ဆိုမှ မနေ့က စက်လက်တွေနဲ့ တရစပ်ပဲ လိုက်ပစ်တယ်ဗျ၊ ပြည်သူတွေကတော့ ထွက်ပြေးတာပေါ့၊ နွားတစ်ကောင် မှန်ပြီး သေသွားတယ်ဗျာ၊ တစ်ယောက်မိသွားတယ်”

စစ်သားများသည် ယမန်နေ့တွင် မအူပင်ရွာမြောက်ဘက် သုံးမိုင်အကွာရှိ အင်ကြင်းပင်ကျေးရွာကို ထပ်မံ စီးနင်းပြီး မီးရှို့ခဲ့သလို အသက် ၅၀ ခန့်ရှိ ဦးခင်မောင်မျိုးဆိုသည့် ဒေသခံတစ်ဦးလည်း သတ်ဖြတ်မီးရှို့ခံရသည်ဟု သိရသည်။

မီးရှို့ခံထားရသည့် အင်ကြင်းပင်ရွာကို ဇန်နဝါရီ ၃၀ ရက်က မြင်တွေ့ရစဉ်

ထိုနေ့ ညနေပိုင်းတွင် ပတ်ဝန်းကျင် ရွာလေးရွာကို ဝင်ရောက်မီးရှို့ပြီးနောက် ယနေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ရုံးစုကျေးရွာကို မီးတင်ရှို့နေကြောင်း သိရသည်။

ခင်ဦးမြို့နယ် ရုံးစုကျေးရွာပေါ်မှ ပစ်ခတ်သံများနှင့် မီးခိုးလုံးများကို သုံးမိုင်ခန့်အကွာမှပင် မြင်ရ ကြားနေရကြောင်း ယနေ့ နေ့ခင်းပိုင်းတွင် မအူပင်ရွာမှ ဒေခံရွာသားတစ်ဦးက ပြောသည်။

“အခုကို မီးခိုးတွေကတော့ မည်းမှောင်နေတာပဲ။ မနက်ကတည်းက ရှို့နေတာ။ ကျွန်တော်တို့ တစ်တိုင်ခွဲအကွာ( သုံးမိုင်) တောင် ပြာတွေလာကျတယ်။ ခုရှို့နေတာကို မြင်နေရတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတာပဲ”

စစ်ကောင်စီတပ် အနီးကပ်ရှိနေဆဲဖြစ်သဖြင့် အဆိုပါကျေးရွာများမှ ဒေသခံတို့ ကျေးရွာအတွင်းကို မပြန်ရဲကြသေးသလို မီလောင်သွားသည့် အိမ်ခြေအတိအကျကို မသိရသေးပေ။

အလားတူ မူးမြစ်ကမ်းတစ်လျှောက်မြို့နယ်များဖြစ်သည့် ကျွန်းလှမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်များတွင်လည်း စစ်ကောင်စီက အင်အားရာနှင့်ချီ သုံးကာ ယခုရက်ပိုင်အတွင်း စီးနင်းနေပြီး ကျေးရွာများကို နေ့စဉ် မီးရှို့နေကြောင်း သိရသည်။

စစ်ကောင်စီကမူ မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။ စစ်ကောင်စီဝါဒဖြန့် သတင်းစာများ၏ ဇန်နဝါရီလ ၂၅ ရက် ဖော်ပြချက်တွင် ယမန်နှစ် နိုဝင်ဘာလ ၁၃ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် KIA နှင့် PDF တို့၏ မီးရှို့မှုကြောင့် အိုးအိမ်ပေါင်း ၁၁၂၂ လုံး မီးလောင်ခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအပါအဝင် လွတ်လပ်သည့် လေ့လာရေးအဖွဲ့အစည်းများနှင့် ဒေသခံများကမူ နေအိမ်မီးရှို့သူများမှာ စစ်ကောင်စီတပ်သားများသာ ဖြစ်သည်ဟု ဆိုကြသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သားများက ပြည်သူ့နေအိမ်ပေါင်း ၄၀,၀၀၀ ​ကျော်ကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button