
စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ တွင် ဆိုင်များ၊ ဈေးများ ပိတ်ရန် မလိုဘဲ တစ်နိုင်ငံလုံး အသံတိတ်ပြုလုပ်ကြရန် စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။
အသံတိတ်သပိတ်ကာလ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း ပိတ်မည့် ဆိုင်များကို စစ်ကောင်စီတပ်က ရန်ပြုနိုင်ခြေရှိသောကြောင့် ထိုသို့ တိုက်တွန်းခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခင်က အောင်မြင်သည့် အသံတိတ်သပိတ် ၃ ကြိမ်ပြုလုပ်သော နေ့များတွင် ပိတ်ထားသော ဆိုင်များကို စစ်ကောင်စီက ဝင်ရောက်စီးနင်း ဖမ်းဆီး၊ ပစ္စည်းများသိမ်းဆည်းသလို လူမှုကွန်ရက်တွင် အသံတိတ်သပိတ်အကြောင်း ရေးသားမျှဝေသည်ဟူသော စွပ်စွဲချက်နှင့် အွန်လိုင်းအသုံးပြုသူ ၂၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့သည်။
အာဏာသိမ်းမှုနောက် စစ်ကောင်စီ၏အုပ်ချုပ်မှုကို လက်မခံကြောင်း ပြသရန်၊ မြို့ရွာများတွင် ပြည်သူများ အေးချမ်းစွာနေထိုင်သွားလာနေသည်ဟု ပုံဖော်နေသည့် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ချေဖျက်ရန် လမ်းပေါ် မထွက်သည့် အသံတိတ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်သည်။
လူထု၏အင်အားကို ထပ်မံပြသရန် အချိန်တန်ပြီဟု မန္တလေးမြို့မှ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောသည်။
“တော်လှန်ရေး ၂ နှစ်ပြည့်ချိန်မှာ တော်လှန်ရေးက အရှိန်အဟုန်ကောင်းစွာနဲ့ ပြည်သူတစ်ရပ်လုံး ပါဝင်နေတယ်ဆိုတာ ပြသဖို့၊ (စစ်ကောင်စီရဲ့) တရားမဝင်ရွေးကောက်ပွဲကို လူထုက လက်မခံဘူးဆိုတာ ပြသတဲ့အနေနဲ့ရော အသံတိတ်သပိတ်ဖော်ဆောင်ကြဖို့ တိုက်တွန်းတာပါ” ဟု သူက ပြောသည်။
ကျပ်တည်းလာသော ပြည်သူများ၏ စားဝတ်နေရေးရုန်းကန်နေရချိန်တွင် အားလုံး ပါးနပ်စွာပါဝင်နိုင်မည့် အစီအစဉ်ဖြစ်သည်ဟု တကသကျောင်းသားဟောင်းများအင်အားစုမှ ဦးဆောင်သူ ကိုနန်းလင်းက ပြောသည်။
“လူထုရဲ့ရဲရင့်၊ ညီညွတ်မှုကိုလည်း ထုတ်ဖော်ပြသလို့ရတဲ့ အခင်းအကျင်းဖြစ်ရမယ်၊ တစ်ဖက်ကလည်း ကိုယ်အန္တရာယ်ကင်းပြီးတော့ ပညာသားပါတဲ့ပုံစံနဲ့ ဟောဒီအသံတိတ်သပိတ်ကို ပါဝင်နိုင်ပါတယ်။ လူထုက ဘယ်လိုပါဝင်ရမယ်ဆိုတာကို သိပြီးသား၊ နားလည်ပြီးသား” ဟု ကိုနန်းလင်းက ပြောသည်။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ အသက် ၃၆ နှစ်အရွယ် ဆိုင်ရှင်အမျိုးသားတစ်ဦးက လှုပ်ရှားမှုတွင် ပါဝင်ရန် အသင့်ဖြစ်နေပြီဟု ပြောသည်၊ ဆိုင်ပိတ်ထားပါက စစ်ကောင်စီတပ်သားများ၊ အလိုတော်ရိများက လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြင်းနည်းလမ်းဖြင့် တုံ့ပြန်တတ်သည်ဟု သူက ဆိုသည်။
“ဒီကောင်တွေက ဆိုင်ဖွင့်ချိန် မဖွင့်ရင် စည်ပင်လိုင်စင်ဘာညာနဲ့ လုပ်တယ်၊ တနင်္ဂနွေနေ့ဆို ပြဿနာမရှိဘူး၊ အဓိက လူတွေ အပြင်မထွက်ဖို့ပဲလေ၊ အကုန်လုံး လုပ်ကိုလုပ်ရမယ့်ကိစ္စ၊ ကိုယ်ကလည်း ဒီလောက်ပဲ တတ်နိုင်တာဆိုတော့ တတ်နိုင်တာတော့ လုပ်ရမယ်” ဟု ထိုဆိုင်ရှင် အမျိုးသားက ပြောသည်။
ပျံကျဈေးသည်များကလည်း ဆိုင်အဖွင့်ပြမည်ဖြစ်ပြီး ရသည့်နည်းဖြင့် ပါဝင်မည်ဟု ဆုံးဖြတ်ထားကြကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အမည်မဖော်လိုသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လူထုပါဝင်မှုကြောင့် ပြုလုပ်သည့်အကြိမ်တိုင်း အောင်မြင်ခဲ့သော အသံတိတ်သပိတ်ကို အာဏာသိမ်းပြီးစ ၂၀၂၁ မတ် ၂၄၊ ဒီဇင်ဘာ ၁၀၊ အာဏာသိမ်းမှု ၁ နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ တို့တွင် ပြုလုပ်ခဲ့ကြသည်။
စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အများစုပင်လျှင် ထိုနေ့များက သပိတ်အချိန်တွင် လမ်းပေါ် မထွက်ခဲ့ပေ။

တော်လှန်ရေးအင်အားစုများက အသံတိတ်သပိတ်ပြုလုပ်ရန် နှိုးဆော်နေချိန် စစ်ကောင်စီ၏ လက်ခွဲအဖွဲ့အစည်းများနှင့် ဩဇာခံများကလည်း ယင်းနေ့တွင် ပုံမှန်အတိုင်း လှုပ်ရှားသွားလာကြရန်၊ လိုအပ်ပါက မြို့နယ်တိုင်းတွင် စစ်တပ်ထောက်ခံပွဲများ စုပေါင်းပြုလုပ်ရန် တန်ပြန်လှုံ့ဆော်နေသည်ကို တွေ့ ရသည်။
ယခင်အသံတိတ်သပိတ်များ မတိုင်မီက ဈေးဆိုင်များကို အသံတိတ်သပိတ်တွင် မပါဝင်ရန်၊ မပျက်မကွက် ဆိုင်ဖွင့်ရန် ခံဝန်လက်မှတ်ထိုးခိုင်းသလို၊ ကြီးလေးသော ပုဒ်မများဖြင့် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြသည်။
ယခုလည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုင်ဖွင့်ရန် သတိပေးခြင်း၊ ဆိုင်ကယ်များဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ တွင် ပြန်လာရွေးရန် ပြောဆိုခြင်းများ ပြုလုပ်နေသည်ဟု မကွေးလူထုသပိတ်ကော်မတီဝင် ကိုချစ်ဝင်းမောင်က ပြောသည်။
“ဖျက်လိုဖျက်ဆီး လုပ်တာပေါ့ဗျာ အဲဒီနေ့မှာ ဖမ်းထားတဲ့ဆိုင်ကယ်တွေ လာရွေးဖို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲလုပ်မယ် အဲဒီဟောပြောပွဲကို နားထောင်ပြီးမှ ပြန်ထုတ်ပေးမယ်လို့ ပြောတယ်” ဟု ကိုချစ်ဝင်းမောင်က ပြောသည်။
၂၀၂၁ ဒီဇင်ဘာ ၁၀ က ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်တွင် အခန်းပြင်မထွက်ဘဲ ဆန္ဒပြခဲ့သော အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၉၀ နီးပါး ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် လူထုမဲပေးရွေးချယ်ထားသော ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အရပ်သားအစိုးကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထို့နောက် အာဏာသိမ်းမှုကို လက်မခံသော ဆန္ဒပြပြည်သူများကို ဦးခေါင်းချိန်ရွယ်ကာ အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)