အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုန်တိုင်းကြောင့် မာန်အောင်မြို့နယ်တွင် သုံးဦး သေဆုံး၊ မြို့နယ်အချို့မှ အိမ်အနည်းငယ် ပျက်စီး

(ရန်ကုန်) —  ယမန်နေ့ကတိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် မျိုတိုဦးကျေးရွာမှ အသက် ၇၉ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် ကံလက်ကျေးရွာမှ လင်မယားနှစ်ဦး သေဆုံးသွားပြီး မာန်အောင်၊ ကျောက်ဖြူနှင့် အမ်းမြို့နယ်တို့တွင် အနည်းငယ်ပျက်စီးမှုများရှိခဲ့သည်ဟု ဒေသခံများက မေလ ၃၀ ရက်နေ့တွင် ပြောသည်။

မျိုတိုဦးကျေးရွာမှ အသက် ၇၉ နှစ်အရွယ်အမျိုးသားမှာ နေအိမ်သို့ အုန်းပင်ပိစဉ် သေဆုံးခြင်းဖြစ်ပြီး၊ ကံလက်ကျေးရွာမှ လင်မယားနှစ်ဦးမှာ လေပြင်းတိုက်စဉ် ဓာတ်ကြိုးနှင့် ငြိနေသော ဝါးကိုင်းကို ခုတ်မိရာမှ ဓာတ်လိုက်သေဆုံးခြင်းဖြစ်သည်ဟု သိရသည်။

“သေဆုံးတဲ့သူတွေကို လူမှုဝန်ထမ်းက ထောက်ပံ့ကြေးပေးဖို့ စီစဉ်နေပါပြီ၊ တခြား အမိုးလန်ပြီး အနည်းငယ် ပျက်စီးသွားတဲ့ အိမ်အနည်းငယ်ကိုလည်း လူမှုဝန်ထမ်းနဲ့ ပူးပေါင်းပြီး ကူညီပေးသွားမှာပါ” ဟု မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ပြောသည်။

ယမန်နေ့ နေ့လယ်က တိုက်ခတ်သည့်မုန်တိုင်းသည် ညနေပိုင်းတွင် ပိုမို အရှိန်ကောင်းလာပြီး ကြိုတင်ခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း တိုက်ခတ်ခဲ့ကာ လေတိုက်နှုန်းအရှိန်သည်လည်း ယခင်ထုတ်ပြန်ထားသည်ထက် ပြင်းထန်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် သတိပေးခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျောက်ဖြူမြို့နယ်တွင် စာသင်ကျောင်းသုံးဆောင်နှင့် အိမ်တချို့ အနည်းငယ် ပျက်စီးသွားကြောင်း သိရပြီး ယခင်နေ့များကတည်းက ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိုခိုက်သေဆုံးမှုများ မရှိကြောင်း၊ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း မြို့နယ်ထွေအုပ်ရုံးထံမှ သိရသည်။

“သစ်ပင်တချို့တော့ လဲသွားတယ်။ အိမ်တစ်အိမ်နှစ်အိမ်လောက်တော့ နည်းနည်းထိသွားတယ်၊ ကျန်တာတော့ ဘာမှမဖြစ်ဘူး၊ လှေတွေလည်း အကောင်းအတိုင်းပဲ” ဟု ကျောက်ဖြူမြို့နယ် ကျောက်ငူကျေးရွာမှ ဦးသိန်းရွှေကပြောသည်။

အမ်းမြို့နယ်၊ လက်ခွာဒေရွာတွင် နေအိမ် ၁၈ လုံးပျက်စီးသွားပြီး၊ ဓာတ်တိုင်အချို့ ပြိုလဲခဲ့ကြောင်း အဆိုပါမြို့နယ်မှ မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

မိုးဇလ၏ ယနေ့မနက်တိုင်းထွာချက်များအရ အဆိုပါမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့် အကွာတွင် ဆက်လက် တည်ရှိနေပြီး နောက်(၉) နာရီခန့်တွင် အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။

မနက်ခင်းပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းတွင် ရာသီဥတု သာယာလျက်ရှိကြောင်း ရွှေဘိုမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တည်ရှိနေသော အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် မုန်တိုင်းအကြွင်းအကျန်များကြောင့် လေတိုက်ခြင်း၊ မိုးရွာသွန်းခြင်းများ ဆက်လက် ဖြစ်ပေါ်နိုင်သေးသည်ဟု ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button