ရွေးကောက်ပွဲသတင်း

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်မည်ဟု စစ်ခေါင်းဆောင် ထုတ်ပြော

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လက်နက်ကိုင်တိုက်ပွဲများ နိုင်ငံအနှံ့အပြား ဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရေး စိတ်အားထက်သန်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းမည်ဟု ဆိုသည်။

နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်  ပါတီများရှိနေရန် လိုအပ်ပြီး နိုင်ငံ​ရေးပါတီများ မှတ်ပုံတင်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အရေးကြီးကြောင်း၊ ပါတီများကို မှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို မချိုးဖောက်သည့် ပါတီများဖြစ်ရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်က  ဆိုသည်။ 

ဗိုလ်ချုပ်ကြီးများ၏ ခြေလှမ်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်  ပါတီများကို ဖျက်သိမ်းရေး၊ ထိုပါတီများ ရွေးကောက်ပွဲတွင် မဝင်နိုင်ရေး ဖြစ်နိုင်သည်ဟု ပါတီခေါင်းဆောင်များနှင့် လေ့လာသူများက သုံးသပ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် မည်သည့်ပါတီနှင့်မဆို လက်တွဲသွားမည်ဟု ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ပါတီအနေနဲ့ ပြောမယ်ဆိုရင် ၂၀၂၃ မှာ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲကို လုံးဝ သဘောမတူတဲ့ ဆန့်ကျင်မဲ့ မည်သည့် ပါတီနဲ့မဆို လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် NLD ပါတီမှာ ၁၉၈၈ ပြည်သူ့ အရေးတော်ပုံက စတင်ပြီး ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ရပ်တည်နေသည့်ပါတီဖြစ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်အရ ပါတီ ဖျက်သိမ်းခံရပါကလည်း ဂရုစိုက်မည် မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်စစ်အာဏာရှင် အဆက်ဆက်ကပဲ ဖြိုဖျက်ချင် ဖြိုဖျက်ချင်၊ ဖြိုဖျက်ခဲ့ ဖြိုဖျက်ခဲ့၊ ဘယ်တော့မှ ကျွန်တော်တို့ ပျက်သွားမှာမဟုတ်ဘူး။ ပြည်သူ ထောက်ခံနေသ၍ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တည်ရှိနေမယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်”

စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုကို ရင်ဆိုင်နေရသော ဒေသ အသီးသီးမှ NLD ပါတီဝင်များ၊ အာဏာသိမ်းမှု ဆန့်ကျင်သူများ၏ အခြေအနေကို  သိရှိထားသော နိုင်ငံတကာကလည်း ရွေးကောက်ပွဲကို ထောက်ခံကြခြင်း မရှိပေ။

၂၀၂၂ ဇူလိုင်လနောက်ဆုံးပတ်က ခိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သော ကိုဂျင်မီတို့ သေဒဏ်ပေးခံ ရမှုကို ကန့်ကွက်သည့်ဆန္ဒပြပွဲတွင်တွေ့ရသော NLD ပါတီ ထောက်ခံသူတစ်ဦး။ (ဓာတ်ပုံ-Peerapon Boonyakiat/SOPA Images/LightRocket via Getty Images)

စစ်ကောင်စီတပ်သားတို့၏ ပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ အလောင်းဖျောက်မှု၊ အိမ်မီးရှို့မှုများ နေ့စဥ် ဖြစ်ပွားနေချိန်တွင် နိုင်ငံရေးပါတီတချို့က ပါတီလုပ်ငန်းစဥ်များ လုပ်ကိုင်နေသည်ကို ၎င်းတို့၏ အွန်လိုင်း လူမှုကွန်ရက် ထုတ်ပြန်ချက်များအရ သိရသည်။ စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အသင့်ပြင်နေသဖြင့် ကန့်ကွက်၊ ဝေဖန်ခံနေရသော ထိုပါတီများ၏ တူညီချက်မှာ လူထုထောက်ခံမှု မရှိသောအချက်ဖြစ်သည်။

လူထုထောက်ခံမှုရှိသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲအဝန်းအဝိုင်းက ဖယ်ရှားရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို  စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလာနိုင်ချေရှိသည့်အကြောင်း ပြီးခဲ့သည့် တစ်ပတ်က Myanmar Now ကို ပြောထားသည်။ 

“ဒါကတော့ နိုင်ငံရေး လောကဓံလို့ပဲပြောရမှာပါပဲ။ စစ်ကောင်စီက ၂၀၁၀ တုန်းကလည်း တစ်ခါ လုပ်ခဲ့ပြီးပြီလေ။ ၁၉၉၀ မှာ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရှိတဲ့ ပါတီတွေကို သူတို့ရဲ့ နောက်ထပ်ထွက်တဲ့ ဥပဒေတွေကို လက်မခံလို့ ဆိုပြီး ပယ်ဖျက်ခဲ့တဲ့ အစဉ်အလာလဲ ရှိခဲ့တာပဲ” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။ 

“ဒါပေမဲ့ နောင်တစ်ချိန်ရောက်တော့လည်း တိုင်းပြည်ရဲ့လိုအပ်ချက်၊ နိုင်ငံရေးရဲ့လိုအပ်ချက်အရ ပြန်ပြီးတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲတော့ ပြန်ရောက်လာကြတာပဲလေ။ ဒါက နိုင်ငံရေး လောကဓံပဲဆိုတော့ သိပ်ပြီးတော့ ထည့်တွက်စရာမရှိဘူးလို့ မြင်ပါတယ်” 

နိုင်ငံတော် စီမံအုပ်ချုပ်​ရေးကောင်စီ အစည်းအဝေးဟု အမည်ပေးထားသည့် ထိုအစည်းအဝေးမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ တက်ရောက်ခဲ့ကြသည်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ဦးဆောင် ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၀ မတ် ၈ တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာ တွင် တစ်ကြိမ်၊ ၂၀၁၄ စက်တင်ဘာတွင် တစ်ကြိမ် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

ယခင် စစ်ခေါင်း​ဆောင်လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြင်ဆင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲမဲစာရင်းအတွက် လိုအပ်သည့် လူဦးရေစာရင်းကို စစ်ကောင်စီက ယခုလအတွင်း ကွင်းဆင်း ကောက်ယူနေသည်။

ရန်ကုန်နှင့် မန္တလေးရှိ  မြို့ပြပြောက်ကျားအဖွဲ့များကလည်း   လူဦးရေစာရင်းကောက်သည့် နေရာများကို ဗုံးခွဲသတိပေးနေပြီး   ဆက်လုပ်နေပါက တိုက်ခိုက်သွားမည်ဟု ဆိုသည်။ ဒေသတချို့တွင် လက်နက်ကိုင်လုံခြုံရေးပါဝင်သော စာရင်းကောက်အဖွဲ့ကို ပစ်ခတ်ရာ သေဆုံး၊ ဒဏ်ရာရသူများ ရှိနေသည်။

NUG က စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေမှုတွင် ပူးပေါင်း ပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇန်နဝါရီ ၉ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖြစ်သောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် လူထုကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button