သတင်း

သပိတ်ကျင်း ကျွန်းကြီးကုန်းရွာကို စီးနင်းသည့် တပ်က ရွာသား ၁ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အစပ်ရှိ ကျွန်းကြီးကုန်းရွာကို စစ်တပ်က ယနေ့ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးကာ တစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

ယနေ့ (ဇန်နဝါရီ ၂၅) နံနက် ၃ နာရီခန့်တွင် ထီးချိုင့်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ကျွန်းကြီးကုန်းရွာကို စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် ရောက်သွားသည်။

ဒေသခံတချို့သာ ရွာအတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အများစုမှာ ရွာအတွင်း၌ ပိတ်မိနေခဲ့သည်ဟု ထီးချိုင့်-PDF Special 9 အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ၄၇ နှစ်အရွယ် ကိုမင်းမောင်ကို စစ်တပ်က ပစ်သတ်လိုက်ပြီး ၎င်း၏ မိသားစုတစ်စုလုံးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

“ရွာက ဘယ်နှယောက် ဖမ်းခံရလည်း မသိဘူး။ ကိုမင်းမောင်ကတော့ ပစ်သတ်ခံထားရပြီ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒလန်များ၏ သတင်းပေးမှုကြောင့် ဝင်စီးခံရခြင်းဖြစ်နိုင်သည်၊ အသေးစိတ်အချက်အလက်များ ထပ်မံစုံစမ်းနေဆဲဖြစ်သည့်အတွက် သေဆုံးသည့်အရေအတွက်နှင့် ဖမ်းခံရသည့်အရေအတွက်ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွာမှ ထွက်လာနိုင်သည့် ဒေသခံအချို့က နီးစပ်ရာကျေးရွာများသို့ ထွက်ပြေး၊ တိမ်းရှောင်နေကြရပြီး ရွာတွင်းရှိ နေအိမ် ၁၀ လုံးခန့်လည်း မီးရှို့ခံရသည်ဟု အသက် ၄၀ ခန့်ရှိသည့် ထီးချိုင့်ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

စစ်တပ်က စစ်ကြောင်းထိုးလာ၍ ခင်ဦးအနောက်ခြမ်းမှ ဒေသခံများ စစ်ရှောင်လာကြသည်ကို ၂၀၂၂ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-မိုးဦး/Myanmar Now)

ထို့ပြင် ရွာတွင်းမှ ထွက်ပြေးသည့် ရွာသားအချို့ကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်ဟုလည်း သူက ဆိုသည်။

သို့သော် ကျွန်းကြီးကုန်းရွာမှ ဖမ်းဆီး၊ သတ်ဖြတ်မှုအခြေအနေများကို Myanmar Now အနေဖြင့် အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ကြောင်းမှ အင်အားအချို့မှာ ကျွန်းကြီးကုန်းရွာတွင် တပ်စွဲကျန်ရစ်နေခဲ့ပြီး ကျန်အင်အားအချို့မှာ ထီးချိုင့်မြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည့်အတွက် လမ်းတစ်လျှောက် ကျေးရွာအချို့မှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“ကျွန်တော်တို့လည်း ထီးချိုင့်ဘက်ကို တိမ်းရှောင်ဖို့ ပြင်နေကြတယ်၊ စစ်ကြောင်းက ဆက်ထိုးလာမယ်ဆိုရင်တော့ ညနေလောက်ကျရင် ရွာကထွက်ကြမယ်ဗျ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ယနေ့ နံနက်တွင် ကျွန်းကြီးကုန်းရွာနှင့် ကပ်လျက်တွင်ရှိသည့် ညောင်ပင်သာရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားပြီး ရွာသားအချို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့်အတွက် တစ်နိုင်ငံလုံးနီးပါး လက်နက်ကိုင် တော်လှန်ကြရာတွင် စစ်ကိုင်းတိုင်းလည်း အင်ပြည့်အားပြည့် ပါဝင်ခဲ့သည်။

ထိုသို့ လက်နက်ကိုင်ခုခံရာတွင် မောင်းပြန်သေနတ်များ အပြည့်အဝ မကိုင်ဆောင်နိုင်သေးသော်လည်း လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ ကိုယ်ပိုင်ထုတ်လုပ်ကာ စစ်အာဏာရှင်ကို လက်နက်ကိုင် ပြန်ခုခံနေကြသည်။ 

စစ်ကိုင်းတိုင်းအတွင်း ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ကသာ၊ ထီးချိုင့် စသည့်မြို့နယ်များမှ ခုခံသူတို့က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများကို အဆက်မပြတ်တိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button