အတွေးအမြင်

မီးရှို့စစ်ဆင်နေသော မင်းအောင်လှိုင်ကို ကမ္ဘာ့ခုံရုံးတင်ရမည်

မကြာခင်ရက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပါတော့မည်။ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အရပ်သားအစိုးရထံမှ အာဏာကို အတင်းအဓမ္မ လုယက်ခဲ့သည်။ 

သို့သော် အာဏာ၏ မူလပိုင်ရှင် ပြည်သူတစ်ရပ်လုံးက တညီတညွတ်တည်း ဇွဲကြီးကြီး ငြင်းဆန်တော်လှန်ခြင်းကို ယနေ့အချိန်ထိ မင်းအောင်လှိုင် ရင်ဆိုင်နေရသည်။   

ထိုအခါ အာဏာရမက်ကြီးသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လူစိတ်ပျောက်လျက် နိုင်ငံအနှံ့ စစ်အင်အားသုံး မီးရှို့စစ်ဆင်ရေးများ (Scorched-Earth Campaigns) ဖြင့် သောင်းနှင့်ချီသော လူ့အသိုက်အမြုံများကို ဖျက်ဆီးလျက်ရှိသည်။

Data for Myanmar (D4M) အဖွဲ့၏ အချက်အလက်များအရ ပြည်သူတို့၏ အိုးအိမ်များကို မိစ္ဆာစစ်တပ်က အစောဆုံး မီးရှို့ဖျက်ဆီးမှုအား အစောဆုံးမှတ်တမ်းတင်နိုင်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် မေလတွင် ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်း နေအိမ် ၃ လုံးကို မီးရှို့ခြင်းဖြင့် စတင်ခဲ့သည်။

ထိုအချိန်မှ စတင်ခဲ့သော မီးရှို့စစ်ဆင်ရေးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၀၂၁ ခုနှစ် မေလမှစလျှင် လပေါင်း ၂၀ အတွင်း) တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး တစ်လတည်း အိမ်ခြေပေါင်း (၉,၆၉၆) အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မီးရှို့ဖျက်ဆီးမှု အိမ်ခြေ (၉၆၁) အိမ်နှင့် နှိုင်းယှဉ်ပါက ဖျက်ဆီးမှုနှုန်း ၁၀ ဆကျော် မြင့်မားလာသည်ကို လေ့လာတွေ့ရှိရသည်။

ရင်းမြစ်။   ။ Data for Myanmar


ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စစ်တပ်၏ မီးရှို့စစ်ဆင်ရေး အခြေအနေ


လပေါင်း ၂၀ အတွင်း နိုင်ငံအနှံ့ စစ်တပ်၏ မီးရှို့စစ်ဆင်ရေးကြောင့် ပြိုကွဲပျက်စီးသွားခဲ့ရသော လူ့အသိုက်အမြုံပေါင်းသည် ၂၀၂၂ ဒီဇင်ဘာ  ၃၁ အထိ (၄၈,၄၆၃) အိမ်ရှိကြောင်း D4M ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။


အဆိုပါ ကိန်းဂဏန်းတွင် ၂၀၂၁ ခုနှစ်အတွင်း ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံဒေသတစ်ဝိုက် စစ်တပ်၏ မီးရှို့ဖြစ်စဉ်များအတွင်း ကျေးရွာအမည်နှင့်တကွ တိကျသော အချက်အလက်များ ရရှိရန် ခက်ခဲသဖြင့် မီးရှို့ခံရမှု အိမ်ခြေပေါင်း (၂၇၅) အိမ်ကို ကျေးရွာအမည်များနှင့်တကွ ဖော်ပြနိုင်ခြင်း မရှိသေးသည်ကလွဲလျှင် တစ်နိုင်ငံလုံးရှိ မီးရှို့မှုဖြစ်စဉ်များကို ကျေးရွာအမည်များ၊ မြေပုံအညွှန်း၊ ကိုဩဒိနိတ်အမှတ်များဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။


ထို့အပြင် အိမ်ခြေအများအပြား ဖျက်ဆီးခံရသော ကြီးမားသည့် မီးရှို့စစ်ဆင်ရေးဖြစ်စဉ်များကို အမေရိကန်အာကာသအေဂျင်စီ NASA အဖွဲ့၏ Fire Information for Resource Management System (FIRMS Database) အချက်အလက်နှင့် အတည်ပြုရွေ့ရသမျှ တိုက်ဆိုင်စိစစ်ထားသည်ဟု သိရှိရသည်။ ထို့ကြောင့် D4M ၏ အချက်အလက်များကို အသုံးပြုပြီး အောက်ပါဇယားတွင် ထည့်သွင်းလေ့လာကြည့်ပါသည်။


*စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၁ ရွာနှင့် ၁၆ ရွာ တွင် အနည်းဆုံး နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရင်းမြစ်။ ။ Data for Myanmar

ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး နှစ်ခုမှလွဲလျှင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် မိစ္ဆာစစ်တပ်သည် မီးရှို့စစ်ဆင်ရေးဖြင့် မြို့နယ်ပေါင်း (၉၆) မြို့နယ်ရှိ ကျေးရွာပေါင်း (၁,၀၇၅) ရွာတွင် အိမ်ခြေပေါင်း (၄၈,၄၆၃) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 


စစ်တပ်၏ မီးရှို့စစ်ဆင်ရေး အများဆုံးဒေသ ၃ ခုမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်စုစုပေါင်း ၃၇ မြို့နယ်တွင် ၃၂ မြို့နယ်က ကျေးရွာစုစုပေါင်း ၇၁၈ ရွာမှ အိမ်ခြေ (၃၆,၆၆၇) အိမ်ကို မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး၊ အရပ်သားနေအိမ်များ ဖျက်ဆီးခံရမှု အများဆုံးဒေသ ဖြစ်သည်။ 


အလားတူ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၉ မြို့နယ်က ကျေးရွာ ၂၀၇ ရွာမှ အိမ်ခြေ (၈,၇၅၇) အိမ်ကို မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ဒုတိယအများဆုံးဒေသဖြစ်သည်။ ချင်းပြည်နယ်အတွင်း မြို့နယ် ၇ မြို့က ကျေးရွာစုစုပေါင်း ၂၀ ရွာမှ အိမ်ခြေ (၁,၄၇၅) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ထန်တလန်တစ်မြို့တည်း အိမ်ခြေ ၁,၂၉၉ အိမ် ပါဝင်ခဲ့ပြီး တတိယအများဆုံးဒေသဖြစ်သည်။ 


ထိုဒေသအားလုံးသည် စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အချိန်ထိ စစ်တပ်၏အုပ်ချုပ်မှုကို အင်အားအကောင်းဆုံး ဆန့်ကျင်လျက်ရှိသောကြောင့် စစ်တပ်၏ အဓိကပစ်မှတ်များ ဖြစ်ခဲ့သည်။ 


ကျေးရွာများကို မြေလှန်မီးရှို့စစ်ဆင်ရေးဗျူဟာဖြင့် ရှင်းလင်းလိုက်လျှင် ပြည်သူတို့၏ ဆန့်ကျင်မှုများ ရပ်တန့်သွားမည်ဟု စစ်ခေါင်းဆောင်များက ယုံကြည်ယူဆလျက် လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ လက်တွေ့တွင် ဆန့်ကျင်ဘက်သက်ရောက်မှုများကိုသာ ကြုံတွေ့နေရသည်။


စစ်ကောင်စီတပ်မီးရှို့၍ ပျက်စီးသွားသည့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ်။

လူသားမျိုးနွယ် ရှင်သန်မှုကိုဖျက်ဆီးသော နိုင်ငံတကာရာဇဝတ်မှုကြီး


စစ်တပ်၏ မီးရှို့စစ်ဆင်ရေးသည် လူသားမျိုးနွယ် ရှင်သန်မှုကို ဖျက်ဆီးသော နိုင်ငံတကာရာဇဝတ်မှုကြီး (Crime against humanity) ဖြစ်သည်။ 


နိုင်ငံတကာရာဇဝတ်ခုံရုံးက ကျင့်သုံးသော Rome Statute ၏ ပုဒ်မ ၇ (၁) တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်မမြောက်ကို အခြေခံထားတိုင်းတာသည့် စံနှုန်း (၃) ရပ်ရှိသည်။ 


ယင်းတို့မှာ ရာဇဝတ်မှုကျူးလွန်သူသည် ထိုရာဇဝတ်မှုကို (၁) ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်ခြင်း (Widespread and systematic attack) ဖြစ်ရမည်၊ (၂) အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်း (Directed against a civilian population) ဖြစ်ရမည်၊ (၃) အကျိုးအပြစ်ကို သိလျက်နှင့် တိုက်ခိုက်ခြင်း (With knowledge of attack) ဖြစ်ရမည် ဖြစ်သည်။ 


စစ်တပ်၏ မီးရှို့စစ်ဆင်ရေးဖြင့် အရပ်သားပြည်သူများ၏ အိုးအိမ်များကို ဖျက်ဆီးခြင်းသည် အထက်ပါ သတ်မှတ်ချက်စံနှုန်း ၃ ရပ်စလုံးနှင့် ကိုက်ညီသည်။


၂၀၂၂ ဒီဇင်ဘာ  ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၉၂၃၁ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ဆိုင်ရာ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် နိုင်ငံအနှံ့ အကြမ်းဖက်မှုများဖြင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများနှင့် အရပ်ဘက်အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးနေမှုများအပေါ် လွန်စွာစိုးရိမ်ပြီး၊ အဆိုပါ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။


သို့သော် အဆိုပါ တစ်လတည်းမှာပင် စစ်တပ်က အရပ်သားပြည်သူများ၏ အိုးအိမ် တစ်သောင်းနီးပါး စံချိန်တင် ဖျက်ဆီးခဲ့သည်။


၂၀၂၂ ဒီဇင်ဘာလက ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သီတဂူကျောင်းတိုက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့ကို တွေ့ရစဉ်။

ရာဇဝတ်ဘေး ပြေးလွတ်နေသေးသရွေ့ ရက်စက်ကြမ်းကြုတ်နေအုံးမည့် မင်းအောင်လှိုင်


မင်းအောင်လှိုင်သည် အလားတူ မီးရှို့စစ်ဆင်ရေးကို ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့ပြီး၊ ယခုအခါ နိုင်ငံတကာတရားရုံး (International Court of Justice) တွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ 


ထိုစဉ်က ရိုဟင်ဂျာကျေးရွာပေါင်း ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုနှင့် နှိုင်းယှဉ်လေ့လာပါက ယခုတစ်ကြိမ် စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် ကျေးရွာပေါင်း ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့မှုက ၂ ဆ ကျော် ကြီးမားပါသည်။


ရိုဟင်ဂျာများသည် လူနည်းစု မွတ်စလင်များဖြစ်ပြီး၊ နိုင်ငံသားအဖြစ် သတ်မှတ်မခံရသူများဖြစ် သည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူအများစုမှာ ဗမာ ဗုဒ္ဓဘာသာလူမျိုးများဖြစ်ပြီး၊ နိုင်ငံသားအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။  


သို့ဖြစ်ရာ အာဏာအတွက် ဆိုလျှင် မင်းအောင်လှိုင်သည် “ဘာမဆိုလုပ်ရဲသည်” ဆိုသော သူ့ပြောစကားအတိုင်း ဘာသာ၊ လူမျိုး၊ ကျား/မ၊ အသက်အရွယ်၊ နိုင်ငံသား ဖြစ်ခြင်း/မဖြစ်ခြင်း မည်သည့်အရာမျှ မခွဲခြားဘဲ၊ လူ့အသိုက်အမြုံတစ်ခုလုံးကို ရက်ရက်စက်စက် ဖျက်ဆီးရှင်းလင်းဝံ့သူ ဖြစ်သည်။ 


ရိုဟင်ဂျာလူနည်းစုများကို ပစ်မှတ်ထားခဲ့ခြင်းကြောင့် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့သည်ဆိုလျှင်၊ ယခုတစ်ကြိမ်ကျူးလွန်မှုသည် လူသား၏ရှင်သန်ရပ်တည်မှုကို ဖျက်ဆီးနေခြင်းကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ 


သို့သော် ကမ္ဘာကြီးက ယနေ့အချိန်ထိ မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအပေါ် တစ်စုံတစ်ရာ အရေးယူနိုင်ခြင်း မရှိသေးပါ။ ထိုသို့ အရေးမယူနိုင်ခြင်းသည် ၎င်းတို့ကို ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့် (Impunity) ပေးထားသကဲ့သို့ ရှိနေသည်။ ထိုကင်းလွတ်ခွင့်ရရှိနေသရွေ့ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်တွင်လည်း ဆက်ပြီး ရက်စက်ကြမ်းကြုတ်နေမည်မှာ သေချာသည်။ 


မင်းအောင်လှိုင်နှင့် စစ်တပ်၏ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်မှ ထိုအကြမ်းဖက်မှုများ အဆုံးသတ်နိုင်မည်။


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button