
ကချင်ပြည်နယ်အတွင်းရှိ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ကျူးကျော်စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျော စိုက်ခင်းများကို ဇန်နဝါရီ ၁၃ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးထားပြီးဖြစ်သောကြောင့် လိုအပ်သလို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သစ်တောဦးစီးဌာနမှ အဆင့်မြင့်အရာရှိက ဆိုသည်။
“မဖျက်သိမ်းရင် သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ပြည်နယ်ဝန်ကြီးဌာနတို့က ၂၀၁၈ ခုနှစ် သစ်တောဥပဒေနဲ့ အရေးယူဖို့ လုပ်ထားတယ်” ဟု နေပြည်တော်ရှိ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းက ပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းမြေများတွင် တစ်သျှူးငှက်ပျော ဝင်ရောက် စိုက်ပျိုးနေသည့် မျိုးဆက်ကြယ်ပွင့်၊ ချမ်းရိန်ခူး၊ လွယ်ဖူးဘွမ်၊ ရှိန်းသာ၊ မလိခ နဂါးစသည့် ကုမ္ပဏီများကို ၎င်းတို့၏ စိုက်ခင်းများ ပြန်လည်ဖျက်သိမ်းပေးရန်၊ ပျက်ကွက်ပါက အရေးယူရန် ပြည်နယ်သစ်တောအရာရှိများထံ ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
ဝိုင်းမော်မြို့နယ် သစ်တောဦးစီးမှူးက မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းဧရိယာများတွင်လည်း ကျူးကျော် စိုက်ပျိုးထားသည့် ငှက်ပျောခင်း ဧက ၆၀၀၀ ခန့်ရှိပြီး အဆိုပါ စိုက်ခင်းများကို ဖယ်ရှားရန် ဥပဒေ အကြံဉာဏ်များ တောင်းထားကြောင်း ပြောသည်။
“အခု ကျွန်တော်တို့က နယ်မြေကွင်းဆင်းစစ်ဆေးပြီးမှ စိုက်ပျိုးမြေ အတိုးအလျော့ကို ပြန်စိစစ်ရပါဦးမယ်။ အခု ကုမ္ပဏီ တစ်ခုကတော့ ပြန်ရုပ်သိမ်းဖို့ ရှိနေတယ်။ အတိအကျက ပူးပေါင်းကော်မတီက ကွင်းဆင်းစစ်ဆေးပြီးမှ သိရပါမယ်” ဟု သူက ဆိုသည်။
သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းက သစ်တောဧရိယာအတွင်း ကျူးကျော်စိုက်ပျိုးမှုများအနက် သစ်တောကြိုးဝိုင်းနှင့် ကြိုးဝိုင်းပြင်ပ ကာကွယ်တောဟု သတ်မှတ်ထားသည့် မြေများရှိ ကျူးကျော်စိုက်ခင်းများကိုသာ ၎င်းတို့ ဌာနက ကိုင်တွယ်နိုင်ကြောင်း ပြောသည်။
ကြိုးဝိုင်းပြင်ပနယ်မြေရှိ မြေစာရင်းဦးစီးဌာန၏ မြေဧရိယာများရှိ ကျူးကျော်စိုက်ခင်းများကိုမူ အုပ်ချုပ်ရေးဌာနများကသာ အရေးယူနိုင်ကြောင်း ၎င်းက ဆိုသည်။
တစ်သျှူးငှက်ပျောသည် ပြည်တွင်း ဈေးကွက်တွင် သီးမွှေးငှက်ပျောဟု လူသိများသည့် ငှက်ပျောမျိုးကို Tissue Culture နည်းပညာဖြင့် မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဖြစ်သည်။ တရုတ်များက လာရောက် စိုက်ပျိုး ဝယ်ယူသောကြောင့် ယင်းငှက်ပျောကို ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောဟု ခေါ်ကြသည်။
ယင်းတရုတ်တစ်သျှူးငှက်ပျောသည် ပြည်တွင်းတွင် ရောင်းချနေသည့် သီးမွှေးငှက်ပျောများထက် ၂ ဆ မှ ၃ ဆအထိ ကြီးမားပြီး ဈေးကောင်းလည်းရလေ့ရှိသည်။
ယင်းငှက်ပျောမျိုးကို ကချင်ပြည်နယ်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် ၂၀၀၆ မှ စတင်စိုက်ပျိုးလာခဲ့ပြီး အထူးသဖြင့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာခဲ့ကြသည်။
တစ်သျှူးငှက်ပျော စိုက်ပျိုးသူများသည် ဒေသခံများ၏ လယ်မြေများကို အဓမ္မသိမ်းယူခြင်း၊ ဓာတုပိုးသတ်ဆေးနှင့် မြေသြဇာ အလွန်အကျွံသုံးစွဲခြင်း စသည့် စွပ်စွဲချက်များ မကြာခဏ ရင်ဆိုင်နေရပြီး ယင်းပြဿနာကို ကချင်ပြည်နယ်လွှတ်တော်တွင် မကြာခဏ ဆွေးနွေးနေသည်။
ယမန်နေ့ကလည်း တစ်သျှူးငှက်ပျော စိုက်ခင်းများအကြောင်း ရေးသားသည့် မြစ်ကြီးနားဂျာနယ်မှ သတင်းထောင် နှစ်ယောက်အား သခင်စစ် ကုမ္ပဏီက ခေါ်ယူတွေ့ဆုံစဉ် ညှဉ်းပန်းနှိပ်စက်ကာ ဖမ်းဆီးချုပ်နှောင်ခဲ့သည်။