
ကချင်ပြည်နယ်ရှိ သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီက မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဒဏ် နှစ်နှစ်အထိ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ အသရေဖျက်မှု ဖြင့် ယနေ့ တရားစွဲဆိုလိုက်သည်။
အစောပိုင်းတွင် ၎င်းတို့သတင်းထောက်များအား ဖမ်းဆီးချုပ်နှောင်ခဲ့သည့်အတွက် မြစ်ကြီးနားဂျာနယ်က ကုမ္ပဏီကို တရားစွဲဆိုထားခဲ့ပြီး အပြန်အလှန်အားဖြင့် ကုမ္ပဏီက တရားပြန်စွဲခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနား ဂျာနယ်တွင် မွန်းမွန်းပန် ရေးသားသည့် “မန်ဒေါင် ကျေးရွာအုပ်စုတွင် တရုတ် တစ်သျူးငှက်ပျော စိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ” ဆိုသည့် သတင်းကြောင့် မြစ်ကြီးနားဂျာနယ်နှင့် သခင်စစ် ကုမ္ပဏီတို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဂျာနယ်ကို တရားစွဲဆိုမှုသည် ယင်းသတင်းကြောင့် ဖြစ်နိုင်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးဇော်ခွန်းက Myanmar Now ကိုပြောသည်။
တရားစွဲဆိုထားခြင်းမှာ မှန်ကန်ကြောင်း သခင်စစ်ကုမ္ပဏီ မန်နေဂျာ ဦးဂွမ်လတ်က Myanmar Now ကို အတည်ပြုပြောကြားသည်။ ၎င်းတို့အနေဖြင့် တရားစွဲဆိုခြင်းများ မပြုလုပ်ချင်သောကြောင့် ခေါ်ယူ ညှိနှိုင်းခဲ့သော်လည်း မြစ်ကြီးနား သတင်းဂျာနယ်ဘက်က စတင်အမှုဖွင့်ခြင်းကြောင့် ပြန်လည် အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ပြောသည်။
ငှက်ပျောစိုက်ခင်းသတင်း ဖော်ပြခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြစ်ကြီးနားသတင်းဂျာနယ်တိုက်တွင် ရှိနေသည့် အသက် ၂၀ ကျော် အရွယ် မမွန်းမွန်းပန်နှင့် ကိုအားဂျယ် တို့ကို သခင်စစ်ကုမ္ပဏီမှ လူများက နာရီပိုင်းမျှ ထိန်းသိမ်းထားခဲ့သည်။
ရဲတပ်ဖွဲ့ကယ်တင်မှုကြောင့် ပြန်လွတ်လာပြီးနောက် သတင်းထောက်များနှစ်ဦးက ကုမ္ပဏီမှလူများသည် ၎င်းတို့အား အခန်းတစ်ခန်းစီ ခွဲထားကာ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်ဟုဆိုသည်။
ထိုညှဉ်းပန်းနှိပ်စက်မှုအတွက် အမျိုးသမီးတစ်ဦးအား ကာယိန္ဒြေပျက်စီးအောင်ကြံစည်မှု၊ မိမိအလိုလျောက်နာကျင်စေမှု၊ မတရားတားဆီးကန့်ကွက်မှု အပါအဝင် ရာဇသတ်ကြီးပုဒ်မ ငါးခု ဖြင့် မြစ်ကြီးနားဂျာနယ်မှ သခင်စစ်ကုမ္ပဏီဘက်ကို ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဝိုင်းမော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။
လက်ရှိတွင် အမှုတည်ဆောက်မှု ပြီးစီးပြီဖြစ်ပြီး ပိုပြည့်စုံသည် သက်သေ တင်ပေးရန် ဥပဒေအကြံပေးက တောင်းဆိုသည့်အတွက် သက်သေ ပြန်လည်တင်ပြထားပြီး တရားရုံးသို့ မရောက်ရှိသေးပေ။
မမွန်းမွန်းပန်က ၎င်းဖော်ပြခဲ့သည့် သတင်းတွင် သခင်စစ်ကုမ္ပဏီ အနေဖြင့် တရုတ်ငှက်ပျောစိုက်ခင်းများ ဝင်ရောက်စိုက်ပျိုးနေသည်ဟု ရေးသားထားခြင်းမဟုတ်ဘဲ ငှက်ပျောခင်း ဝင်ရောက်စိုက်ပျိုးရန်အတွက် လမ်းစတင်ဖောက်လုပ်နေဟုသာ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
“ဒီသတင်းကိုရေးတာ အချက် သုံးချက် ရှိတယ်။ ပထမအချက်က အများပြည်သူအတွက် ရေးတာ။ နောက်တစ်ချက်က မှန်ကန်တဲ့အကြောင်းအရာကို ရေးတာ။ နောက်တစ်ချက်က သဘောရိုးနဲ့ရေးတာ” ဟု ၎င်းက ပြောသည်။