သတင်း

ညောင်ဦးတွင် NLD အမတ်ဟောင်းအပါအဝင် ဒေသခံ ၇ ဦး ဖမ်းဆီးခံရ

တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်ဟောင်းတစ်ဦးအပါအဝင် ဒေသခံ ၇ ဦးခန့် ဖမ်းဆီးခံရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းလွှတ်တော်  ညောင်ဦး(၁) မဲဆန္ဒနယ်မှ ရွေးကောက်ခံရသော ဦးဝင်းမြင့်ခိုင်၊ သားဖြစ်သူ ကိုခိုင်သီဟနှင့် အခြားနှစ်ဦးကို ဇန်နဝါရီ ၁၆ ရက် ည ၉ နာရီခန့်တွင် ညောင်ဦးမြို့၊ မြို့မကွက်သစ်ရပ် နေအိမ်၌  စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။

အသက် ၆၀ အရွယ် NLD အမတ်ဟောင်း ဦးဝင်မြင့်ခိုင်သည် နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိတော့သလို နေအိမ်တွင် ဆက်လက်နေထိုင်ခဲ့ရာမှ ဖမ်းဆီးခံရသည်ဟု ပုဂံပြည်ဘီလူးအမည်ရ တော်လှန်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“သူက နိုင်ငံရေးထဲ မပါတော့ဘူး။ အေးဆေးနေနေတာ။ (လာဖမ်းတုန်းက) အင်အားကတော့ များတယ်။ လောလောဆယ်သိရတဲ့အချက်ကတော့ ညောင်ဦး PDF တွေကို အဓိက ထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။

အသက် ၆၀ အရွယ် NLD အမတ်ဟောင်း ဦးဝင်းမြင့်ခိုင်။

အခြားဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးကျော်သူ ၅၅ နှစ်နှင့် ကိုအာကာမင်း ၂၅ နှစ်ဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။

အလားတူ ဇန်နဝါရီ ၅ တွင် ညောင်ဦးမြို့ ရွှေမိုးစားသောက်ဆိုင်မှ အသက် ၂၀ အရွယ် မရွှေဖူးအိမ်၊ သီရိမင်္ဂလာရပ်မှ အသက် ၃၅ နှစ်အရွယ် မအိအိသိမ့်နှင့် အခြားတစ်ဦးတို့ကို ဖမ်းဆီးခံရကြောင်း ထိုပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

အမျိုးသမီးသုံးဦးဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မိသားစုနှင့် နီးစပ်သူကို ဆက်သွယ်မေးမြန်းသော်လည်း လတ်တလောတွင် ဖြေဆိုလိုခြင်းမရှိသေးကြောင်း ပြောသည်။

ထိုဖမ်းဆီးမှုများကို ညောင်ဦးမြို့ နယ်မြေခံတပ်နယ်မှ ဗိုလ်ကြီးမျိုးညီ၊ အထူးစုံစမ်းစစ်ဆေး‌ရေးဌာနမှ နောင်မင်းလတ်ဆိုသူတို့က ဦးဆောင်ခြင်းဖြစ်ပြီး ညောင်ဦးမြို့ခံများက ကြောက်လန့်နေကြသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“ညောင်ဦးမြို့မှာ အဖမ်းခံရတဲ့လူတွေက အများကြီးဗျ။ ကြောက်လို့ ဘာမှမပြောဘဲ ငြိမ်နေကြတာ။ ကျွန်တော်တို့မြို့က အကြောက်တရားလွှမ်းမိုးနေတာခင်ဗျ။ ကျွန်တော်တို့ထံ ဒလန်တွေ၊ စကစတွေ အချက်အလက်တွေ သတင်းပို့ပေးပါ ပြောတာတောင် ဘယ်သူကမှ သတင်းမပို့ရဲဘူး” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်၍ ညောင်ဦးရဲစခန်းထံ Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအခြေစိုက်သလို ဆက်သွယ်ရေးကောင်းသည့် နိုင်ငံအလယ်ပိုင်း ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် သတင်းပေးများကို ပစ်မှတ်ထားတိုက်ခိုက်မှုများရှိသလို အာဏာသိမ်းမှုဆန့်ကျင်သူတို့ကိုလည်း တန်ပြန်ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသည်။

ယမန်နှစ် စက်တင်ဘာ ၂၉ က ညောင်ဦးမြို့နယ် စဉ့်ကူမြိုမှ ကြံခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်မင်းထိုက်ကို ဒေသကာကွယ်ရေးအဖွဲ့တစ်ခုက လုပ်ကြံပြီးနောက် NLD အမာခံ ၆ ဦးလည်း သတ်ဖြတ်ခံရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button