
ယခုလ ၁၇ ရက်က ပဲခူးတိုင်းအရှေ့ခြမ်း ထန်းတပင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်လုပ်ကြံခံရစဉ် ရှစ်လသားအရွယ် ကလေးငယ်တစ်ဦးပါ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် ချောင်းဝရွာမှ လက်ရှိအုပ်ချုပ်ရေးမှူး ဦးစိုးနိုင်နှင့် အုပ်ကြီးဟောင်း ဦးခင်မောင်ဝင်း တို့ကို သေနတ်သမားနှစ်ဦးက ပစ်ခတ်လုပ်ကြံစဉ် အနီးဝန်းကျင်၌ အမျိုးသမီးတစ်ဦး ချီပိုးထားသည့် ကလေးကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။
တောင်ငူမြို့ဘက်မှ ကားဖြင့် ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ထန်းတပင်မြို့မြောက်ဘက် ငါးမိုင်ခန့်အကွာ ရွာသာယာကျေးရွာအရောက်တွင် ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာအနီးရှိခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့နှစ်ယောက်တည်း ပြန်လာတဲ့အချိန်မှာ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပစ်တာ။ ဘယ်လိုမှ မောင်းပြေးလို့မရတော့ လမ်းကြားလေးထဲ ဝင်ပြီးတော့ လက်ရှိအုပ်ချုပ်ရေးမှူးကတော့ ကားဘေးတင် သတ်ခံရတာပေါ့။ အုပ်ချုပ်ရေးမှူးအဟောင်းကတော့ ပြေးရင်းလွှားရင်း သူများအိမ်အောက်မှာ သတ်ခံလိုက်ရတာ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
ထွက်ပြေးသည့် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဝင်းကို လိုက်လံပစ်ခတ်စဉ် အနီးအနားရှိ ကွမ်းယာဆိုင်၌ ရပ်ကြည့်နေသော အမျိုးသမီးတစ်ဦး ချီပိုးထားသည့် ကလေးငယ်ကို ကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
“ကွမ်းရာဆိုင်နားမှာ ကလေးကို ပွေ့ပြီး ရင်ခွင်ပိုက်နေတာပေါ့။ အသံတွေ ဘာတွေကြားတော့ လှည့်အကြည့်မှာ ကျည်လာရာကို လှည့်မိသလိုဖြစ်တာပေါ့။ ကားလမ်းကနေ ထောက်ပြီးမှန်သလား၊ ကားကနေ ချော်တာလား၊ ကျည်လမ်းကြောင်းပြီးလွဲပြီး မှန်သလား။ ကျွန်တော်တော့ မပြောတတ်ဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ကျည်ထိမှန်သည့် ကလေးငယ်ကို ထန်းတပင်ဆေးရုံမှတစ်ဆင့် တောင်ငူဆေးရုံကြီး၊ တောင်ငူမှတစ်ဆင့် နေပြည်တော်သို့ လွှဲပြောင်းပို့ဆောင်ခဲ့သော်လည်း နေပြည်တော်အရောက် သေဆုံးခဲ့ကြောင်း တောင်ငူမြို့မှ Save The Tree လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရောက်ကတည်းက ကလေးက ဒဏ်ရာတော်တော်ပြင်းတယ်။ သွေးထွက်လွန်နေပြီ။ ကျည်ဆန်ကတော့ ဖောက်ထွက်မသွားဘူး၊ ခေါင်းထဲမှာ ရှိနေတာ” ဟု လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

ကလေးငယ်၏ မိဘများကို ဆက်သွယ်မေးမြန်းရာတွင် ကလေးရုပ်အလောင်းကို နေပြည်တော်မှ ထန်းတပင်မြို့နယ်၊ ရွာသာယာရွာကို ပြန်သယ်နေကြောင်း ပြောသည်။
လသားအရွယ် ကလေးငယ်တစ်ဦးပါ ထိခိုက်သေဆုံးခဲ့သော အုပ်ချုပ်ရေးမှူးနှစ်ဦးအား လုပ်ကြံ သတ်ဖြတ်သည်မှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု မသိရပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်းမှ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီဘက်က ပုံဖျက်သတင်းများ ဖြန့်ဝေတတ်သည်ကို သတိထားဆင်ခြင်ရန် ပြောဆိုသည်။
“အရပ်ဘက်ကကြားတဲ့သတင်းတွေ လူထုဆီကကြားတဲ့သတင်းတွေကတော့ သူတို့ (အုပ်ချုပ်ရေး မှူးအဖွဲ့) က နေရာလုပြီးတော့ တစ်ယောက်ကိုတစ်ယောက် ပစ်ကြတယ်ဆိုတာကို သတင်းကြားရတယ်” ဟု ထိုတာဝန်ခံက မှတ်ချက်ပေးသည်။
ရန်ကုန်နှင့် နေပြည်တော်အကြားရှိ ပဲခူးတိုင်းအတွင်း မြို့နယ်များတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် မြို့ပြပြောက်ကြားအဖွဲ့များ ရှိသည့်နည်းတူ စစ်ကောင်စီပစ်မှတ်များကို လုပ်ကြံသတ်ဖြတ်မှုများလည်း မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ကလည်း ပဲခူးအရှေ့ခြမ်း၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အပိုင်း (၃) မှ စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းလွင်အား ကျောက်ကြီးမြို့နယ်ပကဖက ပစ်ခတ်ခဲ့ပြီး ဆေးရုံတက် ကုသနေကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)