သတင်း

ထောင်ချောက်ဆင်အဖမ်းခံရသည့် LGBT အကြမ်းဖက်ပုဒ်မနှင့် ရင်ဆိုင်နေရ

စစ်ကောင်စီက ထောက်ချောက်ဆင်ဖမ်းဆီးခဲ့သည့် မန္တလေးမြို့မှ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တစ်ဦး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း ၎င်း၏ မိတ်ဆွေက ပြောသည်။

ဈေးဝယ် ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်သားတို့က မြေပဲဆီရောင်းချသူ အသက် ၄၀ အရွယ် ချင်းချင်း (ခေါ်) ခင်မောင်ချင်းကို မန္တလေးမြို့ တစ်နေရာတွင် ချိန်းဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် ၁၀ ရက်အကြာ (ဒီဇင်ဘာ ၂၉) တွင် အကြမ်းဖက်ပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ကာ ထောင်သို့ ပို့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်လုပ်တယ်ဆိုပြီး ဖွင့်လိုက်တာပေါ့။ ဒီဇင်ဘာ၂၉ နေ့ကတည်းက အိုးဘိုထောင်ကို ရောက်တယ်လို့ သိရတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာပဲ အကြမ်းဖက်ပုဒ်မနဲ့ ထောင်အတွင်းရုံးမှာ ပထမဆုံး ရုံးထုတ်ခဲ့တယ်လို့သိရတယ်” ဟု မိတ်ဆွေဖြစ်သူက ပြောသည်။

၂၀၁၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဖြစ်ခဲ့သည့် ချင်းချင်းသည် အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးလှုပ်ရှားမှုများရပ်တန့်ကာ “ချင်းချင်း” အမည်ဖြင့် မြေပဲဆီရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်သည်။

အဖမ်းမခံရမီ စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသည့် အွန်လိုင်း တယ်လီဂရမ်စာမျက်နှာများက သူ့ကို ဆီဝယ်သူ ဟန်ဆောင်ကာ ဖမ်းဆီးသင့်ကြောင်း ရေးသားခဲ့ကြသည်။

ချင်းချင်း၏ဖေ့ဘွတ်စာမျက်နှာတွင် မျှဝေထားသော သတင်းများ၊ ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟု ခေါ်ဝေါ်ရေးသားချက်များ၊ မန္တလေး မြေငလျင်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်ထားသည်များ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် မွေးနေ့ဆုတောင်း စသည်တို့ကို ဖော်ပြကာ ချင်းချင်းသည် အကြမ်းဖက်အားပေးတစ်ဦးဖြစ်သည်ဟုပင် စွပ်စွဲထားကြသည်။

နှိပ်စက်ခံထားရစဉ် ရိုက်ကူးထားသည်ဟု ယူဆရသည့် ချင်းချင်း၏ ဓာတ်ပုံကို စစ်တပ်ကောင်းကြောင်း ရေးသားလေ့ရှိသူတို့က ဒီဇင်ဘာ ၂၀ တွင် ဖြန့်ဝေထားသလို ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

ချင်းချင်းသည် အနေအေးဆေးသူဖြစ်သည်ဟု အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

“သူ ဈေးရောင်းတယ်။ အေးအေးဆေးဆေးလေးပဲ နေတော့တယ်။ ဘာလှုပ်ရှားမှုမှ မရှိဘူး။ ဒီလို အမှုကြီးတပ်ခံရတော့ အံ့ဩမိတယ်။ ဒါပေမဲ့ သူတို့က(စစ်ကောင်စီ) သူတို့ကို မထောက်ခံရင်၊ ဝေဖန်‌ရင်ကို ဒီလို အမှုကြီးတပ်နေတော့တာပဲ” ဟု သူက ဆိုသည်။

“စစ်ကြောရေးမှာ သူ ဘယ်လိုတွေကြုံခဲ့ရမယ်။ နှိပ်စက်ခံခဲ့ရမယ်ဆိုတာကတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးတော့ မသိရသေးဘူး။ သေချာတာကတော့ အပြင်းအထန်ကို နှိပ်စက်ခံခဲ့ရမှာပါ။ ဒါပေမဲ့လည်း အသက်ဘေးက လွတ်လာတယ်ကြားရတော့ အရမ်းဝမ်းသာတယ်”

ချင်းချင်း အဖမ်းခံထားရ၍ ၎င်း၏ အသက် ၉၀ အရွယ် မိခင်ကိုလည်း ဆွေမျိုးများက စောင့်ရှောက်ထားရသည်ဟု သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးမြို့သည် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို အပြင်းအထန် တော်လှန်နေဆဲ ဒေသတစ်ခုဖြစ်သည်။

ဆန္ဒပြလျှင်ပင် ပစ်သတ်နေသည့် စစ်ကောင်စီကလည်း ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရန် အသင့်ဖြစ်နေသည်။

ဇန်နဝါရီ ၃ တွင် အဖမ်းခံရသည်ဘ့ မန္တလေးမြို့မှ သံဃသမဂ္ဂဦးဆောင်ဆရာတော် သက်တော် ၄၀ အရွယ် ဦးအာစာရ (ခေါ်) သပိတ်ခင်သည် ၁၄ ရက်ကြာသည်အထိ အိုးဘိုထောင်သို့ မရောက်သေးဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟု မန္တလေးသပိတ်အဖွဲ့ဝင် လူငယ်တစ်ဦးထံမှ သိရသည်။

ယမန်နှစ် ဒီဇင်ဘာ ၁၂ ကလည်း မန္တလေးမြို့တွင် LGBT အရေး လှုပ်ရှားသူများအနက် ထင်ရှားသည့် အသက် ၂၇ နှစ်အရွယ် စူးရှရှင်းသန့်ကို စစ်ကောင်စီတရားရုံးက အကြမ်းဖက်ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၂၂နှစ်၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၃ နှစ် ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button