သတင်း

ပွင့်ဖြူမြို့နယ်တွင် အမတ်များ၊ CDM ဝန်ထမ်းများ အကြမ်းဖက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အရှေ့ဖျား ရေလယ်ကျွန်းပေါ်တွင် တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါဝင် ၂၇ ဦးကို စစ်ကောင်စီက ၃ ရက်ဆက်တိုက် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ရေလယ်ကျွန်းပေါ်ရှိ ကျေးရွာ ၅ ခုအနက် ရှားတောရွာကို ဇန်နဝါရီ ၈ နံနက် မလင်းသေးခင်တွင် သေနတ်ပစ်ဖောက် စီးနင်းပြီးနောက် ထိုကျွန်းပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ရှားတောရွာစီးနင်းခံရစဉ် ပွင့်ဖြူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ စလင်းမြို့နယ် NLD ပါတီ တာဝန်ခံ ဦးဖိုးကျော်တို့ ဖမ်းဆီးခံလိုက်ရသည်၊ ရိုင်ဖယ်သေနတ် အဆက်မပြတ်ပစ်ခတ်သံလည်း ကြားရသည်ဟု ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။

“အဝိုင်းခံရတဲ့အချိန်မှာ တကွဲတပြားစီ ထွက်ပြေးကြတာ။ ဦးဝင်းဝင်းမိသားစုကို အရင်မိသွားတာ။ နောက်တော့ ဦးထွန်းထွန်းကို ထပ်မိတယ်။ … ဦးဝင်းဝင်းနဲ့ ဦးထွန်းထွန်းကြားထဲမှာ ကျွန်တော်က ပြေးတာ။ သူတို့က ကျည်ကို ဘောက်လိုက်ဆွဲတာ။ တောက်လျှောက်ပစ်နေချိန်မှာ ကျွန်တော်တစ်ယောက်ပဲ လွတ်တာ” ဟု သူက ပြောသည်။

“မိသွားတဲ့အချိန်မှာ တော်တော်လေးနှိပ်စက်ကြတယ်။ မျက်နှာကို အဝတ်စည်းပြီး သေနတ်ဒင်တွေနဲ့ ရိုက်တာ။ စစ်ဖိနပ်တွေနဲ့ ကန်တယ်”

 ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မင်းဘူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းမှာ ၎င်း၏ ဇနီးနှင့် အသက် ၄ နှစ်အရွယ် ကလေးအပါအဝင် သားသမီး ၃ ဦးနှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။​

NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင်များကို ဖမ်းဆီးပြီးနောက် ဦးမောင်ညိုနှင့် ကိုထွန်းဆိုသူ ရွာခံနှစ်ဦးကိုပါ ဧည့်သည်လက်ခံထားမှုနှင့် ဖမ်းသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။ 

စစ်ကောင်စီတပ်သည် ဦးထွန်းထွန်းအပါဝင် ၉ ဦးကို ဖမ်းဆီးရမိပြီးနောက် ရေလယ်ကျွန်းပေါ်တွင် ဆက်လက်တပ်စွဲနေသဖြင့် အဖမ်းအဆီး မရပ်သေးဟု သိရသည်။

“ရွာတွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်လို့ ရွာသူရွာသားတွေလည်း သီးနှံပေါ်ချိန်မှာ ထွက်ပြေးနေကြရသေးတာ။ ဘယ်လိုထွက်ဆိုတုန်း မသိဘူး။ အဲဒီမှာ လိုက်တော့ လိုက်နေကြတယ်။ ကျွန်းပေါ်မှာလည်း လက်နက်တွေဖောက်ပြီး မဲသဲနေတာ” ဟု ထွက်ပြေးလွတ်မြောက်လာသူက ဆိုသည်။

ဧရာဝတီမြစ်နှင့် မုန်းချောင်းကြားရှိ ရေလယ်ကျွန်းမှာ ပွင့်ဖြူမြို့အရှေ့ဘက် ၁၅ မိုင်ကျော်တွင်ရှိပြီး ပွင့်ဖြူ၊ မင်းဘူးနှင့် ရေနံချောင်း သုံးမြို့နယ်ပေါင်းဆုံရာဒေသဖြစ်သည်။

ရေလယ်ကျွန်းပေါ်တွင် ပွင့်ဖြူမြို့နယ်တွင် ပါဝင်သည့် ရှားတော၊ ရှားတောညွှန့်၊ မင်းဘူးမြို့နယ်တွင် ပါဝင်သည့် ငွေတောင်ရွာနှင့် ရေနံချောင်းမြို့နယ်တွင် ပါဝင်သည့် ငါးလန္တာရွာ၊ သူဌေးကုန်းရွာ စုစုပေါင်း ၅ ရွာရှိသည်။

ထိုနေရာတွင် ခိုလှုံနေသည့် NLDပါတီဝင်များကို ပစ်ခတ်ဖမ်းဆီးရမိပြီးနောက် အင်အားရာဂဏန်းရှိသည့် စစ်ကြောင်းမှာ အများစုပြန်ထွက်သွားပြီး တချို့မှာ ရှားတောရွာတွင် တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။ 

ရှားတောရွာတွင် တပ်စွဲထားသည့် စစ်သားများမှာ အနီးဝန်းကျင်ကို နေ့ရော၊ ညပါ သေနတ်များဖြင့် ပစ်ဖောက်နေကြောင်း၊ စိုးရိမ်နေသည့် ဒေသခခံများမှာ ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးခံရကြောင်း သိရသည်။

အရေအတွက်အတိအကျ အတည်မပြုနိုင်သေးသော်လည်း ဒီဇင်ဘာ ၉ ရက်နေ့တွင်တွင် ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရသလို ဒီဇင်ဘာ ၁၀ ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်ထမ်း ၃ ဦး ဆက်လက်ဖမ်းဆီးခံရသည်ဟု ဒေသခံများကို ကိုးကား၍ အထက်ပါအမျိုးသားက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းနှင့်အတူ ဖမ်းဆီးခံလိုက်ရသူ ၉ ဦးကို မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကို စုံစမ်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်ကလည်း ထုတ်ပြန်ခြင်းမရှိပေ။

ဦးထွန်းထွန်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူဖြစ်သည်။ ၎င်းသည် စစ်ယူနီဖောင်းချွတ် ဦးသိန်းစိန်အစိုးရလက်ထက်က တိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ မကွေးတိုင်းအတွင်း တစ်နိုင်တစ်ပိုင်ရေနံတူးဖော်သူများထံမှ ကောက်ယူထားသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၇ ဘီလျံကျော်ကို လွှတ်တော်၌ မေးမြန်းဖော်ထုတ်ခဲ့သူဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဦးထွန်းထွန်းကို ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။

၂၁၂၁ မတ်လက ဦးထွန်းထွန်းခိုလှုံနေသည့် မယ်ဇလိရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း ဦးထွန်းထွန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ 

၂၀၂၁ ဧပြီ ၂၇ တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကေသီမိုးနှင့် တူမဖြစ်သူ မနန်းမြမြလှိုင်းတို့ကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းကာ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆို၍ ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button