သတင်း

ရန်ကုန်တွင် တတိယမြောက်နှင့်အကြီးဆုံးဆိပ်ကမ်း တည်ဆောက်ရန် အစိုးရတင်ပြ

ရန်ကုန် – ရန်ကုန်မြစ်ဝအနီးတွင် ဘက်စုံသုံးဆိပ်ကမ်းသစ်တစ်ခု ဆောက်လုပ်မည့်အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရက ယနေ့ဇွန်လ ၅ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီး ယင်းဆိပ်ကမ်းသည် တရုတ်ကုန်းတွင်းပိတ် ပြည်နယ်များမှ ကုန်စည်များကို နိုင်ငံတကာသို့တင်ပို့ရာတွင် အရေးပါသည့် ထွက်ပေါက်တစ်ခု ဖြစ်လာရန်လည်း မျှော်မှန်းထားသည်ဟု ဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သရက်တောကျေးရွာနှင့် ကွမ်းခြံကုန်းမြို့နယ် တော်ခလူးကျေးရွာအကြားတွင် တည်ဆောက်မည့် အဆိုပါဆိပ်ကမ်းသစ်နှင့်ပတ်သက်သည့် အစီရင်ခံစာကို ဇွန်လ ၅ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တင်ပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းသစ်သည် တရုတ်နိုင်ငံ ကုန်းတွင်းပိတ်ပြည်နယ်များမှ ကုန်စည်များကို နိုင်ငံတကာ သို့ တစ်ဆင့်ခံ ပို့ဆောင်ခြင်းဖြင့် ငွေကြေးအမြတ်အစွန်းရမည်ဟု ဦးဇော်အေးမောင်က ပြောသည်။

တရုတ်ကုန်းတွင်းပိတ်ဒေသများမှ ကုန်ပစ္စည်းများကို ရန်ကုန် – မန္တလေး – ဗန်းမော် – မြစ်ကြီးနား လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး -လားရှိုး – မူဆယ် လမ်းပိုင်းများမှတဆင့် ရန်ကုန်ဆိပ်ကမ်းသစ်ဆီသို့ သယ်ဆောင်မည်ဖြစ် သည်။

ဧက၁၀၀၀ ကျော် ကျယ်ဝန်းသည့် အဆိုပါစီမံကိန်း ဆောက်လုပ်မည့်မြေနေရာနှင့် ဆက်စပ်သည့် ရန်ကုန်မြစ်၏ရေစူးသည် သီလဝါဆိပ်ကမ်းရှိရေစူးထက် ပိုမိုနက်သည်ဟု ဦးဇော်အေးမောင်က ပြောသည်။ အဆိုပါဆိပ်ကမ်း ဆောက်လုပ်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့် သင်္ဘောဆိပ် သုံးခု ရှိလာမည် ဖြစ်သည်။

“ဆိပ်ကမ်းဧရိယာရဲ့ ရေစူးဟာ အနက် ကိုးမီတာ (ပေ ၃၀ ခန့်) ရှိတဲ့အတွက် အခုလက်ရှိ ရန်ကုန်ဆိပ်ကမ်းတွေကို ဆိုက်ကပ်နေတဲ့ ကုန်သေတ္တာတင်သင်္ဘောတွေထက် ပိုမိုကြီးမားတဲ့ သင်္ဘောတွေ ဆိုက်ကပ်ဝင်ထွက်နိုင်တဲ့ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၏ အချက်အချာဖြစ်သော ရန်ကုန်သည် တိုင်းပြည် ရေကြောင်းသယ်ယူပို့ဆောင်သည့် ထုတ်ကုန်သွင်းကုန် အားလုံး၏ ၉၅ ရာခိုင်နှုန်းကို စီမံခန့်ခွဲလျက်ရှိကြောင်း ဦးဇော်အေးမောင်က ပြောသည်။

သီလဝါနှင့် ရန်ကုန်ရှိ ဆိပ်ကမ်းများတွင် သင်္ဘော ၄၆ စီး တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး ဆိပ်ကမ်းသစ်ပြီးပါက ယခုလက်ရှိရန်ကုန်တွင် ဆိုက်ကပ်နေသည့်သင်္ဘောများထက် ပိုမိုကြီးမားသည့်သင်္ဘောများ ဆိုက်ကပ်နိုင်မည်ဟုမျှော်လင့်ကြောင်း ဦးဇော်အေးမောင်က ပြောသည်။

အကျိုးဆက်အဖြစ် ကုန်သွယ်မှုများ အဆင်ပြေလာစေမည်ဟု ၎င်းက ပြောသည်။

ယခုတည်ဆောက်မည့် စီမံကိန်းတွင်စက်သုံးတင်သွင်းခြင်းအပါအဝင် ဆန်စပါး၊ ဂျုံ၊ ပဲအမျိုးမျိုး တင်ပို့ခြင်းနှင့် စားသုံးဆီတင်သွင်းမည့် ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းသစ်စီမံကိန်းနှင့်ပတ်သက်ပြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက “ကျွန်မတို့က မြစ်ဝဘက်မှာဆိုတော့ ခုဆိပ်ကမ်းလုပ်မယ်ဆိုတော့ သယ်ယူ ပို့ဆောင်ရေးတွေ အဆင်ပြေမယ်။ လက်ရှိအချိန်မှာတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အနေနဲ့ ဆင်းကြည့်တယ်။ ပညာရှင်တွေနဲ့ စမ်းသပ်ထားတယ်။ ရေအနက်တွေ၊ မြေအနေအထားတွေကို ဆောင်ရွက်ထားတာတော့ရှိတယ်။ ကျန်တာတော့ ဘာမှ မရှိသေးပါဘူး” ဟု ပြောသည်။

အဆိုပါ စီမံကိန်း တည်ဆောက်ရန် နိုင်ငံတကာအတွေ့အကြုံရှိ ကုမ္ပဏီများဖြစ်သည့် နယ်သာလန်နိုင်ငံအခြေစိုက် အင်ဂျင်နီယာပညာအတိုင်ပင်ခံ ကုမ္ပဏီ Royal Haskoning DHV ကုမ္ပဏီ၊ စင်ကာပူအစိုးရပိုင် အင်ဂျင်နီယာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Surbana Jurong ကုမ္ပဏီများနှင့် ဖြစ်နိုင်ခြေ လေ့လာရန် လက်တွေ့ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

စီမံကိန်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များနှင့် စီမံကိန်းကာလကို ရှင်းရှင်း လင်းလင်း မသိရသေးဘဲ လွှတ်တော်တွင် ထပ်မံဆွေးနွေးရမည်ဖြစ်သည်။

Show More

Related Articles

Back to top button