ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှစ်ခုကို ဒေသ တော်လှန်ရေးအဖွဲ့များက ဇန်နဝါရီလဆန်းတွင် တိုက်ခိုက်ခဲ့သလို မြောက်ပိုင်း ထန်တလန်မြို့တွင်လည်း ပစ်ခတ်မှုရှိကြောင်း သိရသည်။
ဇန်နဝါရီ ၁ တွင် ရခိုင်ဒေသနှင့် ထိစပ်နေသော ပလက်ဝမြို့နယ်၊ ရှင်းလက်ဝဂိတ်စခန်းကို ပစ်ခတ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
“ဂိတ်မှာထိုင်နေတဲ့ စစ်သားတွေနဲ့ ကျွန်တော်တို့စစ်သားတွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေမှာ သူတို့ဘက်က ၅ ယောက်တော့ ကျတယ်။ လက်နက်ငယ်တစ်လက်တော့ ရတယ်” ဟု သူက ဆိုသည်။
ဇန်နဝါရီ ၄ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပလက်ဝမြို့မှ ၇၅ မိုင် ခန့်အကွာ မတူပီမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မတူပီမြို့နယ်အခြေစိုက် အမှတ် ၃၀၄ ခြေမြန်တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ စစ်သားအင်အား ၁၅ ဦးရှိ အဆိုပါ စစ်ဆေးရေးဂိတ်က ယင်းနေ့ ည ၈ နာရီအထိ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကို ပစ်ခတ်နေကြောင်း သိရသည်။
“ပစ်ခတ်မှုပြီးတဲ့နောက် မြို့အဝင်ဂိတ်ကို ပိတ်ထားတယ်။ မြို့ထဲမှာလည်း စစ်ဆေးရေးတွေ တင်းကျပ်နေတာတော့ ရှိတာပေါ့” ဟု CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ယမန်နေ့ (ဇန်နဝါရီ ၅) တွင် ပြောသည်။
မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီက ဆိုသည်။
အမှတ် ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် ၁၄၀ ခြေလျင်တပ်ရင်းနှင့် စစ်ဗျူဟာစခန်းတစ်ခု အခြေစိုက်သည့် မတူပီမြို့နယ်တွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက်များမှအပ ကျန်ကျေးရွာနယ်မြေအများစုကို ၎င်းတို့က နယ်မြေ ဆက်လက်စိုးမိုးထားကြောင်း CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
စက်တင်ဘာတွင် စစ်ကောင်စီတပ်က မတူပီမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည်၊ လက်ရှိကာလတွင် တိုက်ပွဲ နည်းပါးနေပြီး စစ်ကောင်စီဂိတ်စခန်းတချို့ ပစ်ခတ်ခံရမှုသာ ရှိကြောင်း CDF မတူပီထံမှ သိရသည်။
ဂိတ်စခန်းနှစ်ခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ချင်းဒေသကာကွယ်ရေးအဖွဲ့ လှုပ်ရှားမှုရှိသော ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပါက စစ်ဒဏ်ခံရသော ဒေသတစ်ခု ဖြစ်သည်။
ထန်တလန်ဒေသ စစ်ရေးအခြေအနေ
အလားတူ ပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့အနီးတွင်လည်း ခရစ္စမတ်အလွန်ကာလမှစပြီး စစ်ရေးတင်းမာနေသည်ဟု CNF ထံမှ သိရသည်။
ဒီဇင်ဘာလကုန်က ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် CNF က တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီ ၁ တွင် လေယာဉ်ဖြင့် ဗုံးလာကြဲသွားကြောင်း ဆလိုင်းထက်နီက ပြောသည်။
“၁ ရက်နေ့ နေ့ခင်းမှာ ကင်းထောက်လေယာဉ်က နှစ်ကြိမ်လာတယ်။ ည ၁၀ နာရီခွဲမှာ ဗုံးနဲ့လာကြဲတာ ဖြစ်တယ်။ CDF ရဲဘော်တွေလည်း အားလုံးက လွတ်ကင်းပါတယ်။ အထိခိုက်တော့ မရှိဘူး” ဟု သူက ဆိုသည်။
၂၀၂၁ နှစ်ကုန်ပိုင်း ထန်တလန်မြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးကတည်းက မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြ၍ ယခုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဒရုန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသည့်အရေအတွက် မသိရသေးကြောင်း၊ အထိနာပါက လေကြောင်းတိုက်ခိုက်မှု နောက်ဆက်တွဲ လာတတ်ကြောင်း ဆိုသည်။
“အနီးကပ်တိုက်ပွဲမဟုတ်တော့ရင် သူတို့ဘက်က အသေအပျောက်တော့ မသိရဘူး။ ဒါပေမဲ့ သူတို့ဘက်က အဲဒီလိုမျိုး တိုက်ခိုက်ရေးလုပ်ပြီးတော့ သူတို့ဘက်က အထိနာရင်တော့ ဖိုက်တာနဲ့ လာလေ့ရှိတယ်။ အဲဒီတော့ သူတို့ဘက်က အထိနာမယ်လို့ ကျွန်တော်တို့က သုံးသပ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ယင်းနေ့က ထန်တလန်မြို့နှင့်မိုင် ၂၀ ကျော်အကွာ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ဇန်နဝါရီ ၃ ရက်အထိ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
ထန်တလန်အနီးတစ်ဝိုက် လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း အသင့်အနေအထားဖြင့် နှစ်ဖက် စောင့်ကြည့်နေသည့် အခြေအနေဖြစ်ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
နိုင်ငံအနှံ့ ခုခံတိုက်ခိုက်နေသူများကို ရင်ဆိုင်ရာတွင် လေကြောင်းတိုက်ခိုက်မှု ပိုမို အားကိုးလာသော စစ်တပ်၏ ဗျူဟာသည် ချင်းပြည်နယ်တွင် အလုပ်ဖြစ်မည်မဟုတ်ဟု သူက ပြောသည်။
“ချင်းတောင်ကတော့ မြေပြန့်မှာလို လေယာဉ်နဲ့ ဗုံးကြဲတာတွေကတော့ ကျွန်တော်တို့ အတွေ့အကြုံအရတော့ သိပ်ပြီးတော့ မထိရောက်ဘူး။ တခြားဒေသထက်စာရင်တော့ ချင်းတောင်ကတော့ တောင်စွယ်တောင်တန်းတွေများတော့ သူတို့လေယာဉ်အသုံးပြုတာက ထိရောက်မှု မရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှု ရှိလာပါက ကာကွယ်နိုင်ရန် ကျေးရွာများတွင် ဗုံးခိုကျင်းများတူးထားရန် ဒေသခံများကို ကြိုတင်နှိုးဆော်ထားကြောင်း ပြောသည်။
စစ်တပ်၏ အာဏာသိမ်းမှုကို အစောဆုံးလက်နက်ကိုင် ပြန်ခုခံခဲ့သည့် ချင်းပြည်နယ်တွင် ဒေသအလိုက် ကာကွယ်ရေးအဖွဲ့ (Chinland Defense Force- CDF) များ ဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာသည်။
နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ထိုးထားသော ချင်းအမျိုးသားတပ်ဦး (CNF) ၏ ချင်းအမျိုးသားတပ်မတော် (CNA) ကလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး လူငယ်အများအပြားကို စစ်သင်တန်းပေးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)