
စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွှေတောင်ရွာတွင် အသက်ကြီးပိုင်း အမျိုးသားနှစ်ဦး မီးရှို့ခံရပြီး သေဆုံးခဲ့သလို လူရွယ်အမျိုးသားတစ်ဦးလည်း နှိပ်စက်သတ်ဖြတ်ခံရကြောင်း သိရသည်။
စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းက မြို့အရှေ့ဘက် တစ်မိုင်အကွာရှိ ရွှေတောင်ရွာကို ယမန်နေ့ (ဇန်နဝါရီ ၃) နံနက်က ဝင်ရောက်စီးနင်းပြီး မီးရှို့ရာ ထွက်မပြေးနိုင်သည့် အသက် ၁၀၀ ခန့်ရှိသည့် တိုင်းရင်းဆေးဆရာ ဦးစံဖဲ၊ လေဖြတ်ထား၍ မသွားလာနိုင်သော ၇၅ နှစ်အရွယ် ဦးချစ်ဖြိုး ဆိုသူတို့ သေဆုံးသည်။
“စစ်ကြောင်း ဒီအတိုင်းလာပြီး အသားလွတ် ဒီအတိုင်းကို မီးရှို့သွားတာပဲ။ (လူကြီးတွေက ) မသွားနိုင်တော့ အိမ်ထဲတင် မီးရှို့တာ ပါသွားတာ… ရိုင်းချက်က လွန်နေပြီ။ မလုပ်သင့်တဲ့အရာတွေကို လုပ်သွားတာဗျာ” ဟု အသက် ၄၀ ခန့်အရွယ် ဘုတလင်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
စစ်သားများ ဝင်ရောက်စီးနင်းစဉ် ရွာခံများ ဘေးလွတ်ရာ ထွက်ပြေးနိုင်ရန် ကူညီနေသည့် ရွှေတောင်ရွာသား အသက် ၂၉ နှစ်အရွယ် ကိုကျော်ဖြိုး ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု ဘုတလင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လူငယ်ကတော့ (ရွာကလူတွေ) အကုန်ထွက်ပြီးအောင် စောင့်ရှောက်ရင်းနဲ့ အဖမ်းခံရပြီး သတ်ခံလိုက်ရတာ။ ပေါင်မှာ သေနတ်ဒဏ်ရာ တွေ့တယ်။ ဖမ်းမိပြီးမှ နှိပ်စက်သတ်ဖြတ်တာမျိုးပါ။ မျက်နှာမှာလည်း ဖူးရောင်နေတာတွေ ရှိတယ်။ နှလုံးနေရာမှာ သေနတ်ဒဏ်ရာတွေ့တယ်” ဟုအထက်ပါ PDF အမျိုးသားက ပြောသည်။
အိမ်ခြေ ၅၀ ခန့်ရှိသည့် ထိုရွာကို စစ်သားများက လက်နက်ကြီးလက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ် စီးနင်းပြီး မီးရှို့ခဲ့မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ကာ ယင်းညနေမှာပင် ထိုစစ်ကြောင်းက ဘုတလင်မြို့သို့ ပြန်ထွက်ခွာသွားကြောင်း သိရသည်။

လက်နက်ကိုင်တော်လှန်ရေးခုခံမှု အားကောင်းသည့် ဒေသများတွင် စစ်ကောင်စီက ဒေသခံကျေးရွာများကို ရွာလုံးကျွတ်မီးရှို့လေ့ရှိသဖြင့် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများမှာ အရှင်လတ်လတ် မီးလောင်သေဆုံးရမှုများ ရှိနေသည်။
အလားတူ ထွက်မပြေးနိုင်သည့် သက်ကြီးပိုင်းများကိုလည်း စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုများ ရှိခဲ့သည်။
စစ်ကောင်စီ၏ ရွာမီးရှို့မှုများ၊ သတ်ဖြတ်မှုများကြောင့် ထိခိုက် နာကြည်းလာကြသဖြင့် PDF သို့ ဝင်ရောက်ပူးပေါင်းသူ ပိုများလာသည်ဟု ဘုတလင် PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“(အဲဒီလိုတွေကြောင့်) ခုလို PDF တပ်သားတွေ ပိုများလာပြီး ကျွန်တော်တို့ဘက်က တော်လှန်ရေးသန္နိဋ္ဌာန် ပိုခိုင်မာလာတာပါ။ အားလုံး မြန်မြန်အောင်ဖို့ ဝိုင်းဝန်းကြိုးစားပေးကြပါ။ ပြည်သူတွေလည်း နိုင်ရာဝန် ထမ်းပေးကြပါလို့ ပြောချင်ပါတယ်” ဟု သူက ဆိုသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းထောက်ထားမှုဆိုင်ရာညှိုနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ဒီဇင်ဘာလကုန်ထိ နေအိမ်ပေါင်း ၃၅၀၀၀ ခန့် မီးရှို့ခံရသည်၊ မီးရှို့မှုမှာ စစ်ကိုင်းတိုင်း၌ အများဆုံးဖြစ်သည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က လက်လှမ်းမီသမျှ ကောက်ယူသည့် အချက်အလက်များအရ စစ်တပ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ဒီဇင်ဘာ ၃၀ အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ အနည်းဆုံး၂၆၈၈ ဦးအထိ ရှိကြောင်း သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)