ဇန်နဝါရီ ၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (ULA/AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အလုပ်ထွက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို ခေါ်ယူတွေ့ဆုံပြီး မူလတာဝန် ပြန်ထမ်းဆောင်ရန် ပြောခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် နုတ်ထွက်ထားသော ရွာအုပ်ချုပ်ရေးမှူး ၁၀၀ ခန့် ရှိပြီး ထိုသူများအားလုံးနီးပါးကို ခေါ်တွေ့ခြင်းဖြစ်သည်ဟု ဆိုသည်။
AA ဘက်မှ မည်သည့်အဆင့်၊ မည်သူလာရောက်သည်ကို တက်ရောက်ခဲ့သူများက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ကျွန်တော်တို့ကို အစည်းအဝေးခေါ်လို့ သွားခဲ့ကြတာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က နုတ်ထွက်ထားတဲ့အုပ်ချုပ်ရေးမှူးတွေ ပါတယ်။ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ပြောတာ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောသည်။
ထိုအစည်းအဝေးတွင် AA က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြခိုင်းသည်ဟု ၎င်းက ဆက်ပြောသည်။
“ပြည်သူတွေ အခက်အခဲရှိလား၊ ပြည်သူတွေရဲ့အသံကို အုပ်ချုပ်ရေးမှူးတွေ တင်ပြပြီးမှ ကျွန်တော်တို့က ဆုံးဖြတ်သွားမယ်၊ အဲဒီလိုပြောပြီး အစည်းအဝေးကို စဖွင့်တယ်။ (ပြည်သူတွေ) အခက်အခဲရှိရင် (မူလရာထူး) တာဝန်ထမ်းဆောင်ရမဲ့အကြောင်းတွေ ပြောတယ်” ဟု နုတ်ထွက်ထားသော ထိုအုပ်ချုပ်ရေးမှူးဟောင်းက ဆိုသည်။
”ကျွန်တော်တို့အနေနဲ့တော့ တာဝန်မထမ်းဆောင်ချင်ပါ။ ဒါပေမဲ့ လုပ်ချင်လို့တော့ မဟုတ်ဘူး။ ကျွန်တော်တို့လုံခြုံရေးအတွက် အခက်အခဲမရှိဘူးဆိုရင် ပြည်သူတွေအခက်အခဲအတွက် ကျွန်တော်တို့ လုပ်မယ်ဆိုပြီး ပြောခဲ့တာတော့ ရှိတယ်”
လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး ULA/AA ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူး ၁၀၀ ခန့် နုတ်ထွက်သွားပြီးနောက် ရပ်ရွာများမှ ကျောင်းသား/သူများ အပါအဝင် ဒေသခံလူထုမှာ စာရွက်စာတမ်းဆိုင်ရာ ပြဿနာနှင့် ကြုံတွေ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
“ရွာမှာ အုပ်ချုပ်ရေးမှူးမရှိရင် အခက်အခဲဖြစ်တာပေါ့။ ဥပမာ တက္ကသိုလ်ကျောင်းသားတွေ ဝင်ခွင့်လျှောက်ရမဲ့နေရာတွေမှာ အုပ်ချုပ်ရေးမှူးထောက်ခံစာတွေ လိုတယ်။ နောက်ပြီးတော့ ဟိုသွားဒီသွားတွေမှာ ထောက်ခံစာ လိုကြတယ်။ တခြားရပ်ရွာအရေးမှာ အုပ်ချုပ်ရေးမှူး မရှိတော့ အခက်အခဲဖြစ်ကြတာပေါ့” ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများက မထောက်ခံသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်သည်၊ စစ်ကောင်စီကလည်း ၎င်းတို့ကို သံသယဖြင့် စောင့်ကြည့်နေသည် ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဆိုကြသည်။
စစ်ကောင်စီကလည်း ၎င်းတို့ကို ဆက်သွယ်လာသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သော အထက်ပါအမျိုးသားက ပြောသည်။
“ကျွန်တော်တို့ နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို (စစ်ကောင်စီ) မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်ပြီးတော့ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းတာ ရှိတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ စိတ်ချမ်းသာအောင် ကြည်ကြည်ဖြူဖြူ အတူတကွ လုပ်စေချင်တဲ့သဘောရှိတယ်” ဟု သူက ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ အခြားရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း တာဝန်ပြန်မယူလိုသော်လည်း လူထုအခက်အခဲကို ငဲ့ပြီး ပြန်သုံးသပ်နေရကြောင်း ဆိုသည်။
“ရပ်ရွာတွေမှ ကျောင်းနေအရွယ်တွေရှိကြတယ်။ ဆယ်တန်းအောင်လူငယ်တွေ သွားရေးလာရေးနဲ့ မှတ်ပုံတင်လုပ်မဲ့နေရာတွေမှာ ထောက်ခံစာလိုတယ်။ အဲဒါတွေက အုပ်ချုပ်ရေးမှူးမရှိရင် မရဘူး။ အဲဒါကြောင့် ရပ်တွေရွာတွေမှာ နည်းနည်းပါးပါး ဆူပူသောင်းကျန်းမှုတွေရှိကြတယ်။ အဲဒါကို သူတို့ (ULA/AA) က သိသွားတယ် ထင်တယ်” ဟု ထိုသူက ပြောသည်။
ပြန်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ်သဘောမျိုးမဟုတ်ဘဲ AA က တိုက်တွန်းခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ သူတို့ (ULA/AA) ပြောတာက အတင်းအဓမ္မလုပ်ရမယ်လို့တော့ မဟုတ်ဘူး။ လုပ်မယ်ဆိုရင် ဒီအုပ်ချုပ်ရေးမှူးတွေပဲ ပြန်လုပ်ရမယ်ဆိုပြီးတော့ ပြောတယ်။ တခြားလူတွေကို လွှဲပြောင်းပေးလို့မရဘူး ပြောတယ်”
ပြီးခဲ့သည့် သြဂုတ်အစောပိုင်းမှ စတင်၍ ၄ လကျော်ကြာ ဖြစ်ပွားခဲ့သော AA နှင့် စစ်ကောင်စီတပ်တို့၏ တစ်ကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ကို AA သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သည်။
ယမန်နှစ် စက်တင်ဘာ ၃ တွင် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း (၂၃၄) က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ယူပြီး မီးကျောင်းစျေးကျေးရွာအုပ်ချုပ်ရေး ဦးအာမီဟူဆောင်းနှင့် တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှတို့ကို ဖမ်းဆီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)