(*သတင်းအဆုံးတွင် စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံများပါဝင်သည်)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အရှေ့ဘက်ခြမ်း တည်ပင်ရွာ ကာကွယ်ရေးအဖွဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က အရပ်ဘက်သုံး ကျောက်သယ်ကားဖြင့် အငိုက်ဖမ်းတိုက်ခိုက်ရာ ဒေသခံ လေးဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော် ပျောက်ဆုံးနေသည်။
ယမန်နေ့ (ဒီဇင်ဘာ၂၇) ညနေ လေးနာရီခွဲခန့်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုကို တည်ပင်ရွာအရှေ့ဘက် ခြောက်မိုင်ကျော်အကွာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း ကျောက်မြောင်းမြို့မှ ထွက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ရွာကို ဝင်စီးတာ။ (တည်ပင်ရွာအနီးမှာ) ကျောက်ကျင်းတွေ ဘာတွေရှိတာပေါ့ဗျာ။ အဲဒီမှာ ကျောက်ကားတွေ ဝင်ထွက်ပြီး ကျောက်တင်တာတွေရှိတယ်။ အဲဒါကို သူတို့က ပုံမှားရိုက်ပြီး ဝင်လာတာ” ဟု အဆိုပါနယ်မြေတွင်စစ်ရေးလှုပ်ရှားသည့် Burma Ranger အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှာ ယနေ့( ဒီဇင်ဘာ ၂၈) မွန်းလွဲပိုင်းအထိ တပ်စွဲထားဆဲဖြစ်၍ ရွာအနီး ဝင်ရောက် ထောက်လှမ်းထားသည့် ဓာတ်ပုံအထောက်အထားများအရ အနည်းဆုံး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် တည်ပင်ရွာစီးနင်းမှုအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးသည့် ဒေသခံငါးဦး၏ ဓာတ်ပုံများကို ထုတ်ပြန်ထားသည်။
စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက် တပ်စွဲခဲ့သဖြင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း၊ စစ်တပ် စီးနင်းချိန်အတွင်း ဒေသခံ ၂၀ ဦးကျော် ပျောက်ဆုံးနေပြီး အခြေအနေအသေးစိတ် မသိရသေးကြောင်း အသက် ၃၀ အရွယ် ရွာခံအမျိုးသားတစ်ဦးက ဆိုသည်။
ယမန်နေ့ ညဦးပိုင်းတွင် တည်ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံ ကျောက်မြောင်းမြို့မှ ကျောက်သယ်ကား သုံးစီးနှင့် စစ်အင်အားများ ထပ်မံရောက်ရှိလာကြောင်း၊ ကျေးရွာကို နှစ်ရက်ဆက် မီးရှို့နေကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။
“မီးကတော့ များတယ်ဗျ။ ရွာကတော့ ကုန်လုခမန်းတော့ ဖြစ်သွားမယ်ဗျာ။ မနေ့ကတည်းက စရှို့နေတာ ခုထိပဲ” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၂၈) မွန်းလွဲပိုင်းတွင် ပြောသည်။
တည်ပင်ရွာ၌ စစ်ကောင်စီတပ်ရှိနေဆဲဖြစ်၍ ဒေသခံ သေဆုံး၊ ထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများကို အတည်မပြုနိုင်သေးဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ တစ်ရက်တည်းတွင်ပင် ရွှေဘိုမြို့နယ်မြောက်ဘက် နယ်နိမိတ်ဆက်နေသည့် ခင်ဦးမြို့နယ်တွင်လည်း စစ်တပ်က ပစ်သည့် လက်နက်ကြီးကျ၍ ရေအေးကုန်းရွာမှ အသက် ၅၀ အရွယ် ဦးမြင့်မောင် လက်တစ်ဖက်ပြတ်သွားသည်ဟု ဆိုသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီကို ရရာလက်နက်ဖြင့် နိုင်ငံအနှံ့ ခုခံတော်လှန်မှုများအတွင်း ထက်ထက်သန်သန်ပါဝင်နေသည့် စစ်ကိုင်းတိုင်းမှ အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)


