
ယနေ့ (ဒီဇင်ဘာ ၂၆) နေ့လယ်ပိုင်းက မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက် ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ဆောမြို့ မြောက်ဘက် ၁၀ မိုင်ကျော်အကွာရှိ ညောင်ကန်ရွာကို မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်လေယာဉ်တစ်စီး ရုတ်တရက် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ရွာပေါ်ကျတယ် အိမ်က အနည်းဆုံး ၃ လုံးပျက်စီးတယ်။ တစ်မိသားစုထဲကနေ ၃ ယောက် သေဆုံးတာရှိတယ်။ နောက်တစ်အိမ်က ၁ ယောက် သေဆုံးတယ်။ ဒဏ်ရာတွေကတော့ ပြင်းထန်တာတွေရော၊ ဗုံးစထိမှန်တာတွေရောပေါ့။ လောလောဆယ် ၅ ယောက်ပေါ့” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
ထိခိုက်သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ သာမန်အရပ်သားပြည်သူများဖြစ်ပြီး ၆၅ နှစ်အရွယ် ဒေါ်စောဝိုင်း၊ ၄၆ နှစ်အရွယ် ဦးဇော်မင်း၊ ၄၈ နှစ်အရွယ် ဦးဇော်ဌေးနှင့် အသက် ၃၅ နှစ်အရွယ် ဦးကျော်ဌေးလင်းတို့ဖြစ်ကြောင်း PDF ဆောတပ်ရင်း ၂ YRPA ထံမှ သိရသည်။
ဒဏ်ရာရသူများအနက် တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းတို့ကို ဆေးကုသနိုင်ရန် ကူညီဆောင်ရွက်ပေးနေသည့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
အရပ်သားနေအိမ်များပေါ် ကျရောက်ပေါက်ကွဲသည့်အတွက် ထိခိုက်သေဆုံးမှု များပြားခြင်းဖြစ်ကြောင်း ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။

ရွာတောင်ဘက်နှင့် အနောက်တောင်ဘက်ခြမ်းကို ဦးတည်ကာ ဗုံးကြဲပြီးနောက် စက်သေနတ်ဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဆော PDF တပ်ရင်း ၂ မှ ဗိုလ်သုညက ပြောသည်။
“ဆိုင်းမဆင့်ဗုံမဆင့် ဒီအတိုင်းကြီးရောက်လာပြီးတော့ ကျေးရွာမှာ သာမန်ပြည်သူတွေ ပုံမှန်အတိုင်း နေနေတဲ့အိမ်တွေထဲကို ဗုံးကြဲသွားတယ်။ စက်သေနတ်နဲ့ ထပ်ပစ်သွားတယ်။ အဲဒီရွာမှာ PDF ရယ်၊ ဘာရယ်ညာရယ် အဲ့လိုမျိုးလည်း မရှိဘူး၊ စစ်ရေးလည်း ဘာမှမရှိဘူး” ဟု ပြောသည်။
တိုက်ခိုက်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး နွား ၂ ကောင် ထိခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
“စစ်ကြောင်းလည်း မြေပြင်မှာ မရှိဘူး။ အဲဒါဆိုတော့ ရှောင်တိမ်းရတဲ့အနေအထားတော့ မရှိဘူး။ လေယာဉ်ထပ်လာဦးမလားဆိုတာ အထိတ်ထိတ်အလန့်လန့်တော့ ရှိနေကြတာပေါ့။ … လေကြောင်းဆိုတော့လည်း ဘယ်နားပြေးရမှန်းမသိ။ ပြည်သူတွေက ဆောက်တည်ရာမရတဲ့ အနေအထားတော့ ဖြစ်နေတာပေါ့” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ဆောမြို့နယ်သည် တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က မကြာခဏ မြေပြင်စစ်ကြောင်းထိုးလေ့ရှိသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာမြင့်လာသည့်တိုင် ဒေသခံကာကွယ်ရေးအဖွဲ့များက နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု အရှိန်အဟုန်မြင့်မားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ယခုနှစ်လယ်ပိုင်းမှစတင်ကာ လေကြောင်းအသုံးပြုတိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပြုလုပ်နေသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)