ဘားမားအက် (Burma Unified through Rigorous Military Accountability- BURMA Act) ဟုခေါ်သည့် ဥပဒေအသစ်တစ်ခုကို အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်စေနိုင်မည် ဖြစ်သည်။ ထိုအက်ဥပဒေသစ်ကို နှစ်စဉ်ရေးဆွဲအတည်ပြုလေ့ရှိသော အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ၏ ပြင်ဆင်ချက်သစ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်ကာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြီးပါက ဥပဒေတစ်ရပ်ဖြစ်လာတော့မည်ဖြစ်သည်။
အမေရိကန်လွှတ်တော်အမတ်များက ယခုအင်တာဗျူးတွင် ဆွေးနွေးမည့် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ၏ ပြင်ဆင်ချက်အသစ်ကို “ဘားမားအက်” ဟု ရည်ညွှန်းပြောဆိုသော်လည်း၊ အမေရိကန်လွှတ်တော်တွင် ၂၀၂၁ ခုနှစ်က အဆိုပြုခဲ့သော နာမည်တူ “BURMA Act” ဥပဒေကြမ်းနှင့် မတူညီဘဲ ကွဲလွဲမှုတချို့ ရှိပါသည်။အဆိုပါ အစောပိုင်းဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့သော်လည်း အမေရိကန်အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း မရှိခဲ့သောကြောင့် ဥပဒေအဖြစ် အသက်သွင်းနိုင်ခြင်း မရှိခဲ့ပါ။
ယခု NDAA ဥပဒေတွင် ပါရှိသော အသစ်ပြင်ဆင်အတည်ပြုထားသည့် ဘားမားအက်ဥပဒေသည် အာဏာသိမ်းစစ်တပ်နှင့် ထိုစစ်တပ်ကို ရက်စက်ယုတ်မာမှုများ ကျူးလွန်ရန် အကူညီပေးနေသည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအပေါ် အမေရိကန်အစိုးရအနေနှင့် အရေးယူပိတ်ဆို့နိုင်ရန် မီးစိမ်းပြသည့် သဘောလည်း ဖြစ်ပါသည်။ ထို့အပြင် မြန်မာပြည်သူတို့၏ အခွင့်အာဏာ အပ်နှင်းခြင်းခံထားရသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စစ်အာဏာရှင်ကို ဆန့်ကျင်သော မြန်မာနိုင်ငံရှိ အခြားအတိုက်အခံအဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့များကို “လူမသေစေနိုင်သော အကူအညီ” (non-lethal assistance) များပေးရန်လည်း ခွင့်ပြုပေးမည် ဖြစ်သည်။ သို့သော် ထိုအကူအညီတွင် လက်နက်အထောက်အပံ့များ မပါဝင်ပါ။
ဤဥပဒေကြမ်းနှင့် စပ်လျဉ်း၍ Myanmar Now သည် ဝါရှင်တန်ဒီစီရှိ အမျိုးသားကာကွယ်ရေးကောလိပ် (National War College) မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဇက်ခရီ အာဘူဇာနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ၂၀၂၂ ခုနှစ် ဘားမားအက်ကို NDAA ဥပဒေအောက်မှာ ထည့်သွင်းခဲ့ပြီး၊ ဒီဇင်ဘာ ၈ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေဟာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဘယ်လို ထူးခြားသိသာတဲ့ သက်ရောက်မှုရှိမလဲဆိုတာ ရှင်းပြပေးနိုင်မလား။
ဖြေ။ ။၂၀၂၂ ခုနှစ် ဘားမားအက်ဥပဒေကို ၂၀၂၃ ဘဏ္ဍာရေးနှစ် NDAA အောက်မှာ ထည့်သွင်းခဲ့ပြီး အောက်လွှတ်တော်က ဒီဇင်ဘာ ၆ ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒီလိုအသုံးစရိတ်များတဲ့ ဥပဒေကြမ်းတွေမှာ အထူးသဖြင့် အစိုးရပိုင်းက အကောင်အထည်ဖော်ပေးဖို့ ကွန်ဂရက်လွှတ်တော်က လိုလားတဲ့ လုပ်ဆောက်ချက်တွေကို ဖိအားပေးတဲ့အနေနဲ့ ဥပဒေတချို့ကို ထည့်သွင်းပြဋ္ဌာန်းတာမျိုးပါ။ ဒီနှစ် NDAA ဥပဒေမှာ Taiwan Enhanced Resilience Act လည်း ပါဝင်လာပါတယ်။
၂၀၂၂ ခုနှစ် NDAA ဥပဒေမှာ ကွန်ဂရက်လွှတ်တော်အနေနဲ့ အမေရိကန် သမ္မတဘိုင်ဒင် ဦးဆောင်တဲ့ အစိုးရရဲ့ မြန်မာစစ်အာဏာရှင်တို့အပေါ် အရေးယူလုပ်ဆောင်တဲ့ မူဝါဒဟာ လုံလောက်မှုမရှိဘူးလို့ ယူဆပြီး သဘောမတွေ့ကြောင်း ဖော်ပြခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမို ဆက်သွယ်ဆက်ဆံဖို့ ၂၀၂၂ခုနှစ် NDAA က တိုက်တွန်းထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းလင်းတဲ့ အထောက်အထားတွေ ရှိပါတယ်။ အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး အပြင်ဘက်မှာ NUG ဟာ ကိုယ်စားပြုခွင့် ရခဲ့ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဌာနနဲ့ NUG တို့အကြား အဆင့်မြင့် ဆွေးနွေးဆက်ဆံမှုတချို့ ရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ NUG ရဲ့ စည်းရုံးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးဖို့အတွက် အမေရိကန်အစိုးရက ဝါရှင်တန်ဒီစီမှာ NUG ရဲ့ ကိုယ်စားလှယ်ရုံးဖွင့်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ အစိုးရအနေနဲ့ ဒါတွေကို သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ကောင်း လုပ်ခဲ့နိုင်ပေမယ့်၊ ကွန်ဂရက်က ဥပဒေကြမ်းမှာ နှစ်တိုင်း မပျက်မကွက် ထည့်သွင်းအတည်ပြုလိုက်တော့ ဒါတွေကို အစိုးရအနေနဲ့ လုပ်ကိုလုပ်ရမယ်လို့ တွန်းအားပေးပြီးသား ဖြစ်သွားတာပေါ့။
ရှင်းရှင်းပြောရရင် ဒီနှစ် NDAA ဥပဒေအောက်မှာ ကွန်ဂရက် တောင်းဆိုထားတဲ့ အရာအားလုံးကို ဘိုင်ဒင်အစိုးရက လုပ်တယ်ဆိုရင်တောင်မှ (စစ်အာဏာရှင်) ကို ဖြုတ်ချဖို့ မလုံလောက်သေးပါဘူး။ ဝါရှင်တန်က အသိအမှတ်ပြုထားတဲ့ NUG အစိုးရကို ထောက်ပံ့ဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ နောက်ထပ်အများကြီး ထပ်လုပ်နိုင်သေးသလို၊ ထပ်လည်း လုပ်ကို လုပ်သင့်ပါတယ်။
မေး။ ။ အမေရိကန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDFs) နဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေကို “ဆက်သွယ်ရေးနဲ့ ထိန်းချုပ်ကွပ်ကဲရေး” အပြင် နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းစေရန် နည်းပညာအထောက်အပံ့နဲ့ လူမသေစေနိုင်သော အထောက်အပံ့များကို ပေးမယ်လို့ ဘားမားအက်က ဆိုထားပါတယ်။ ဒါက အမေရိကန်မူဝါဒရဲ့ အဓိကပြောင်းလဲမှုလို့ ထင်ပါသလား။ “လူမသေစေသော အထောက်အပံ့” ဆိုတာကို ရှင်းပြနိုင်မလား။ နောက်ပြီးတော့ ဒီအထောက်အပံ့က လက်နက်ကိုင်တော်လှန်ရေး ကို ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ။
ဖြေ ။ ။ ဒါက အရေးပါတဲ့ တိုးတက်မှုတစ်ခုပါပဲ။ အမေရိကန်အစိုးရအနေနဲ့ NUG ကို လူသေစေနိုင်တဲ့ အထောက်အပံ့မျိုး (lethal assistance) ကို ပေးသင့်တယ်လို့ ကျွန်တော် အမြဲတမ်း စောဒကတက်ခဲ့ပေမယ့်၊ အဓိက အကြောင်း ၄ ချက်ကြောင့် ဒီလိုအထောက်အပံ့မျိုးကို အမေရိကန်က ပေးနိုင်မှာ မဟုတ်ပါဘူး။ ပထမအချက်က မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးမှာ ဦးစားပေးမဟုတ်တဲ့အပြင်၊ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ မူဝါဒတွေကို ညှိနှိုင်းဖို့ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာ ရှိမနေပါဘူး။ ဒုတိယအချက်က ကြီးထွားလာတဲ့ တရားမဝင် မူးယစ်ဆေးဝါးစျေးကွက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တော်တော်များများ ပါဝင်နေတာဖြစ်လို့ ဘယ်သူ ဘယ်အဖွဲ့တွေက လက်နက်တွေ ရသွားမလဲဆိုတာကို စိုးရိမ်ရလို့ပါပဲ။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို အမေရိကန်ရဲ့ လက်နက်ခဲယမ်းတွေရောက်သွားပြီး နာမည်ပျက်စရာတွေဖြစ်လာမှာကို အမေရိကန်အစိုးရက အရမ်းကို ကြောက်ပါတယ်။ တတိယအချက်က အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအဖြစ် ထောက်ပံ့ရမယ်လို့ သတ်မှတ်ထားတဲ့ ယူကရိန်းနိုင်ငံအတွက် လက်နက်ခဲယမ်းတော်တော်များများကို ပေးပို့ထောက်ပံ့နေရလို့ အမေရိကန်ရဲ့ လက်နက်စုဆောင်းထားရှိမှု လျော့နည်းလာနေပါတယ်။ စတုတ္ထအချက်ကတော့ ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ဒါကို လိုလားထောက်ခံမှာ မဟုတ်လို့ မြန်မာနိုင်ငံဆီ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ဖို့ဟာ တကယ့်ကို စိန်ခေါ်မှုတစ်ရပ်ပါပဲ။
အချုပ်ကတော့ NUG ဟာ လူသေစေနိုင်တဲ့ အထောက်အပံ့မျိုးနဲ့ ထိုက်တန်ပေမယ့်၊ သူတို့ကို လက်နက်ခဲယမ်းတွေပေးဖို့ ပြင်းပြင်းထန်ထန်ထောက်ခံတဲ့သူမျိုး ကန်အစိုးရပိုင်းထဲမှာ မရှိပါဘူး။ ဒါကြောင့်မို့လို့ လူမသေနိုင်တဲ့ အထောက်အပံ့မျိုးကိုပေးဖို့ ကျွန်တော် အပြည့်အဝ ထောက်ခံခဲ့တာပေါ့။ ဒီအကူအညီမှာ လျှို့ဝှက်ဆက်သွယ်ရေးကိရိယာတွေ၊ စစ်ပွဲသုံး ဆေးဝါးတွေ၊ (စျေးကြီးတဲ့) ဂြိုလ်တုရုပ်ပုံတွေ၊ ထောက်လှမ်းရေးသတင်း ဝေမျှတာနဲ့ လေ့ကျင့်ရေးတွေအပါအဝင် ထောက်လှမ်းရေးဆိုင်ရာ အကူအညီတွေ ပါဝင်ပါတယ်။ ပိုပြီးအရေးကြီးတာက လူထုကျန်းမာရေး၊ ပညာရေးနဲ့ တရားဥပဒေစိုးမိုးရေး/ အုပ်ချုပ်ရေး မူဝါဒဆိုင်ရာတွေမှာ NUG ရဲ့ အရပ်သားအစိုးရကို ထောက်ပံ့ကူညီဖို့ အမေရိကန်အနေနဲ့ လုပ်ဆောင်သင့်ပါတယ်။ နောက်ဆုံးအနေနဲ့ အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့တွေ ဘက်ပြောင်းလာအောင် ကူညီနေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကို ငွေကြေးနဲ့ ရန်ပုံငွေထောက်ပံ့မှုတွေ ပေးနိုင်ပါတယ်။
ဒါတွေအားလုံးဟာ ဖြစ်နိုင်တာတွေချည်းပါပဲ။ တချို့အချက်တွေကို စတောင်လုပ်ဆောင်နေပါပြီ။ ဒါပေမဲ့လည်း ဆက်သွယ်ပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတွေ ရှိနေပါသေးတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ (စစ်အာဏာရှင်) ကို ဆက်လက်ထောက်ခံနေတဲ့အပြင် နယ်စပ်ကတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးစားအကူအညီတွေပေးဖို့ကို တားမြစ်ခဲ့ပါတယ်။ အမေရိကန်ကိုယ်တိုင်ကလည်း NUG နဲ့ ဆက်ဆံဖို့ အမြဲတမ်းကိုယ်စားလှယ်တစ်ဦး လိုအပ်နေပါတယ်။ အချိန်မတန်သေးဘဲ ထွက်ခွာခဲ့ရတဲ့ အမေရိကန်သံအမတ်ကို အစားထိုးခန့်အပ်တာကို မလုပ်တော့ဘဲ (စစ်အာဏာရှင်) နဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပြီလို့ အမေရိကန်က ကြေညာပြီးကတည်းက ဒီလိုကိုယ်စားလှယ်ခန့်အပ်ဖို့ဟာ ပိုပြီး အရေးကြီးလာပါတယ်။ ဒါ့အပြင် ဝါရှင်တန်ဟာ NUG နဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ဖို့၊ လူမသေစေသော အထောက်အပံ့များကို ပို့ဆောင်ပေးအပ်ဖို့ စတာတွေကို စီစဉ်လုပ်ဆောင်ရေးအတွက် လူတစ်ဦးကို ခန့်အပ်ဖို့ တကယ့်ကို လိုအပ်နေပါတယ်။
မေး။ ။ မြန်မာပြည်သူတွေဟာ လူမသိ၊ သူမသိ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒုက္ခခံစားနေရတာ ၂ နှစ် နီးပါးတောင် ရှိလာပြီဆိုတော့ အမေရိကန်ရဲ့ ဘားမားအက်ဟာ အရမ်းကို နောက်ကျနေပြီလို့ ထင်ပါသလား။ စစ်အာဏာရှင်ရဲ့ အညှာအတာမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ဒီနိုင်ငံက ပြည်သူတွေဟာ အမေရိကန်ရဲ့ ပြတ်သားရဲ့ ထောက်ပံ့ကူညီမှုမျိုးကို မျှော်လင့်ခဲ့တာ ကြာလှပါပြီ။ အဲဒီမျှော်လင့်ချက်ကို ဘားမားအက်က အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ထင်ပါသလား။
ဖြေ။ ။ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူအခွင့်အရေးချိုးဖောက်နှိပ်စက်မှုတွေကို မြန်မာပြည်သူတွေ နိုင်ငံအနှံ့ နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာတွေကို ထောက်ရှုရင်တော့ အမေရိကန်ရဲ့ BURMA Act ဟာ အရမ်းကို နောက်ကျပြီး လုပ်နိုင်တာကလည်း အရမ်းကို နည်းပါတယ်။ စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို သူတို့ရဲ့ စစ်မူဝါဒတွေလို့ ခံယူပြီး ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာပါ။ ဖြတ်လေးဖြတ်ဆိုတဲ့ မူဟာ ပြည်သူတွေကို အကြမ်းဖက်ပြီး အညံ့ခံလာအောင် လုပ်တဲ့ နည်းဗျူဟာပါ။ ပစ်မှတ်ထားခွဲခြားမှုမရှိတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အားထားတဲ့ ဗျူဟာကတော့ ပြည်သူတွေကို တိုက်ခိုက်ဖို့ လုပ်ဆောင်ထားတာပါ။ အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ မီးရှို့တိုက်ခိုက်မှုကြောင့် ပြာကျခဲ့ရတဲ့ နေအိမ်ပေါင်း ၄၀, ၀၀၀ ကျော်ရှိပါပြီ။ သေဒဏ်ပေးခံရတဲ့ လူပေါင်း ၁၃၈ ဦးရှိပြီး၊ လူ ၄ ဦးကို ကွပ်မျက်ခဲ့ပါတယ်။ (စစ်အာဏာရှင်) ရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံရစဉ်အတွင်း အလွန်အကြူး နှိပ်စက်ခံရခြင်းကြောင့် သေဆုံးသူပေါင်း ၁၅၀ နီးပါးရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အသုံးမကျမှုကြောင့် ၁၀ နှစ်ကျော်ကြာ မှန်မှန်တိုးတက်လာနေတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အမြစ်ပါမကျန် ဖျက်ဆီးလိုက်လို့ တိုင်းပြည်ရဲ့ စီးပွားရေးလဲ ချွတ်ခြုံကျနေပါပြီ။
မြန်မာပြည်သူတွေဟာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြား ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျ နိုင်ငံတွေဆီကနေ ဒီထက်မကတဲ့ အကူအညီတွေ ရဖို့ထိုက်တန်တယ်။ စစ်အာဏာရှင်ကို အထိနာစေမယ့် စီးပွားရေးပိတ်ဆို့မှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ဒီနိုင်ငံကြီးတွေ လုပ်နိုင်တာ အများကြီး ရှိပါတယ်။ လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ စနစ်မကျ တစ်ပိုင်းတစ်ပျက်ဖြစ်နေလို့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေက ချိုးဖောက်လို့ ရနေပါတယ်။ နောက်ထပ် ဘယ်လိုဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိသင့်သလဲဆိုတာကို BURMA Act က ပြဋ္ဌာန်းထားပေမဲ့၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို စတင်အရေးယူပိတ်ဆို့ဖို့ ဒီအက်ဥပဒေက (ဘိုင်ဒင်) အစိုးရကို မတိုက်တွန်းနိုင်ပါဘူး။ အရေးယူပိတ်ဆို့မှုတွေ လုပ်မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အစိုးရအဖွဲ့ပေါ်မှာပဲ မူတည်ပါတယ်။
ကိုဂျင်မီ၊ ဖြိုးဇေယျာသော်နဲ့ အခြားနှစ်ယောက်ကို (ဂျူလိုင်လမှာ) ကွပ်မျက်ခဲ့တဲ့ အချိန်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို ပိုမိုပြင်းပြင်းထန်ထန်လုပ်ဖို့ အခွင့်ကောင်းတဲ့ အချိန်ပါပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သူတို့တွေ စိတ်ပျက်စရာကောင်းအောင် ပျက်ကွက်ခဲ့ပါတယ်။ တကယ်လို့ ဘိုင်ဒင်အစိုးရဟာ ကမ္ဘာအနှံ့ အာဏာရှင်စနစ်ထွန်းကားအောင် လုပ်ဆောင်နေတဲ့ တရုတ်ကို အာခံပြီး ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဆောင်ဖို့ အလေးအနက် ဆန္ဒရှိတယ်ဆိုရင်၊ ဝါရှင်တန်အနေနဲ့ ဒါကို စတင် အကောင်အထည်ဖော်ဖို့ မြန်မာပြည်လောက်ကောင်းတဲ့နေရာ မရှိပါဘူး။ ဒီလိုအခက်အခဲတွေကြားမှာတောင်မှ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်နိုင်ဖို့ နေ့စဉ် စစ်အာဏာရှင်ကို ဆန့်ကျင်တယ်၊ NUG ကို အလှူငွေတွေထည့်တယ်၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေထဲ ဝင်တယ်။ သူတို့ရဲ့ ခိုင်မြဲတဲ့ သတ္တိခွန်အားနဲ့ ကတိသစ္စာကို ထောက်ပံ့ကူညီသင့်ပါတယ်။
မေး။ ။ ဘားမားအက်ဟာ မြန်မာရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ လက်အောက်မှာရှိဖို့နဲ့ လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ် စွန့်လွှတ်ဖို့ စတဲ့ အချက်တွေကို ဖော်ပြထားပေမဲ့၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အတည်ပြုလိုက်တဲ့ ဖက်ဒရယ်ပဋိညာဉ်ကိုတော့ BURMA Act မှာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ရည်မှန်းချက်တွေဟာ လက်တွေ့ကျနေသေးသလား။ အကြီးအကျယ်ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခင်းအကျင်းကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ဒီအချက်တွေကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲ။
ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ ဆန္ဒ၊ စစ်တပ်ဟာ အရပ်သားအစိုးရအောက်မှာ ရှိသင့်ကြောင်းနဲ့ လွှတ်တော်ရဲ့ ၂၅ရာခိုင်နှုန်းဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသင့်တော့ကြောင်း စတာတွေကို BURMA Act မှာ အတိအလင်း ခိုင်ခိုင်မာမာ ဖော်ပြထားပါတယ်။ ဒါဟာ ကောင်းတာကို လိုလားတဲ့ ဖော်ပြချက်ပါပဲ။ ဒါပေမဲ့ မြေပြင်က လက်တွေ့အခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ဒီဖော်ပြချက်ဟာလည်း ရိုးရှင်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲတာမျိုး ရှိလာမှာ မဟုတ်ပါဘူး။ ဒီဥပဒေကို လုံးဝဖျက်သိမ်းပစ်ဖို့ လိုအပ်ပါတယ်။
တစ်ဆက်တည်းမှာပဲ BURMA Act ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ ဖက်ဒရယ်ပဋိညာဉ်ကို ကိုးကားထားခြင်းမရှိပါဘူး။ ဒါဟာ မှားပေမဲ့ နားလည်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ရှုပ်ထွေးပြီး၊ အမျိုးမျိုးသော ဖြစ်စဉ်နဲ့ တွန်းအားတွေလည်း များစွာရှိနေပါတယ်။ ကွန်ဂရက်လွှတ်တော်မှာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အဖွဲ့ဝင်အချို့ရှိပေမဲ့လည်း ကွန်ဂရက်အတွက်တော့ မြန်မာနိုင်ငံဟာ ဦးစားပေးအဆင့် အတော်နိမ့်နိမ့်မှာ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနဲ့ပတ်သက်ပြီး သူတို့မှာ ခရေစေ့တွင်းကျ နက်နဲသိမ်မွေ့တဲ့ သဘောပေါက်နားလည်မှုမျိုးရှိမယ်လို့ မျှော်လင့်တာဟာ လက်တွေ့မကျပါဘူး။ NUG နဲ့ ဆက်ဆံဖို့ တရားဝင်ကိုယ်စားလှယ်တစ်ယောက် ထားရှိပြီး၊ ကွန်ဂရက်မှာ အဲဒီကိုယ်စားလှယ်က မြန်မာ့အရေးကို မှန်မှန်တင်ပြမယ်ဆိုရင်တော့ အကူအညီဖြစ်ပါလိမ့်မယ်။
ဘက်မလိုက်ဘဲ ပြောရမယ်ဆိုရင် NUG အနေနဲ့လည်း ဖက်ဒရယ်ပဋိညာဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာကိုယ်စားလှယ်တွေကို သေသေချာချာ မရှင်းပြနိုင်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတူညီချက်ရေးဆွဲတဲ့ နေရာမှာလည်း လုံလောက်တဲ့ တိုးတက်မှုမျိုး မရှိပါဘူး။ ဒါဟာ အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေအနေနဲ့ ဥပဒေရေးရာကျွမ်းကျင်ထောက်ပံ့မှုတွေ ပေးနိုင်မဲ့ နောက်တစ်နေရာလည်း ဖြစ်ပါတယ်။
Myanmar Now အင်္ဂလိပ်ပိုင်း၏ “The people of Myanmar deserve so much more from the US, the EU and other democratic countries” အင်တာဗျူးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။