သတင်း

စစ်ကောင်စီတပ်က ကန့်ဘလူဒေသခံ နှစ်ဦးကို ပစ်သတ်

ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တောင်ယာတဲ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် ဒေသခံတို့ကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ခဲ့ရာ နှစ်ဦး ပွဲချင်းပြီး သေဆုံး၊ နှစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။ 

မြို့အရှေ့ဘက်ဆယ်မိုင်ခန့်အကွာ ဆည်ကြီးရွာမှ လက်နက်ကိုင်တို့က ရွာအနီး တောင်ယာတဲရွေ့ပြောင်းနေသူများကို ပစ်ခတ်ခြင်းဖြစ်သည်၊ ဆည်ကြီးရွာသည်စစ်သားများ၊ ဒေသခံတို့က ပျူစောထီးဟု ခေါ်ကြသည့် ပြည်သူ့စစ်များ တပ်စွဲထားသည့်ရွာဖြစ်သည်။

ပစ်ခတ်ခံရသူများမှာ ဆည်ကြီးရွာ‌မြောက်ဘက် ၄ မိုင်ခန့်အကွာ ကျွန်းလှမြို့နယ် ထန်းပန်ကုန်းရွာမှဖြစ်သည်ဟု သိရသည်။ 

“တဲဖျက်ပြီး ထိုင်နေကြတာဗျ၊ သူတို့က ဝင်ပစ်သွားတာ။ ကျွန်တော်တို့ရွာနဲ့ ဆည်ကြီးရွာကြားမှာ ဖြစ်သွားတာ။ ပျူစောထီးတွေရှိတဲ့ရွာပေါ့။ တဲဖျက်ပြီး လှည်းအကမှာ ပစ်ခံလိုက်ရတာဗျ” ဟု ထန်းပန်ကုန်းရွာသားတစ်ဦးက ယနေ့ ပြောသည်။

ထိုနေ့ညနေပိုင်းတွင် ၄၁ နှစ်အရွယ် ဦးအောင်ချိုဝင်း၊ အသက် ၃၀ ခန့်အရွယ် ကိုမောင်မောင်တို့၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခဲ့သည်၊ ခြေထောက် ထိမှန်ထားသည့်ရွာသား ဒဏ်ရာပြင်းထန်သည်၊ နောက်တစ်ဦးမှာ လက်တွင် ကျည်ဆန်ထိမှန်ထားပြီး ဆေးရုံမှ ဆင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆည်ကြီးရွာကို နိုဝင်ဘာပထမအပတ်အတွင်းက စစ်ကိုင်းတိုင်း ပြည်သူ့စစ်ခေါင်းဆောင်ဟု နာမည်ကြီးသည့် သင်္ကန်းဝတ် ဦးဝါသဝဦးဆောင်၍ စစ်သင်တန်းပေးနေသည်ဟု ကန့်ဘလူအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျူစောထီးသင်တန်း မတက်လိုသည့် ဆည်ကြီးရွာခံများ တိမ်းရှောင်နေရသလို အဆိုပါရွာအနီး အခြားရွာသားများလည်း မသွားလာရဲတော့ကြောင်း ၎င်းက ဆိုသည်။

ခင်ဦးအနောက်ခြမ်းမှ စစ်ရှောင်သားအမိနှစ်ဦးကို နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ကန့်ဘလူမြို့နယ်အနောက်ဘက်ခြမ်းနှင့် တန့်ဆည်မြို့နယ်အစပ်ဒေသများကို စိုးမိုးထားသည့် ဦးဝါသဝ ပြင်ပသို့ သွားလာပါက လက်နက်ကိုင် ပျုစောထီးအင်အား အများအပြား လုံခြုံရေးယူပေးကြောင်း ပြောသည်။

“ဝါသဝကတော့ ထွက်လာရင် သတင်းတော့ရတယ်၊ ပြီးခဲ့တဲ့လတုန်းက ကျွန်းလှဘက်ကို လာတယ်ဗျ၊ အင်အားကတော့ ၁၅၀ လောက် လုံခြုံရေးယူလာတာ။ မလွယ်ဘူး။ သတင်းရပြီး လုပ်လို့မရတာပေါ့” ဟု အထက်ပါကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။

“ဆိုင်ကယ်ရှေ့ပြေး လေးငါးစီးလောက် လွှတ်တယ်။ ပြီးရင် အိမ်စီးကားပါတယ်။ အဲဒါနောက်ကမှ တုန်းဖုန်း (မြေသယ်သည့်ကုန်တင်ယဉ်အကြီး) ကားတစ်စီး လာတယ်။ ဘယ်သွားသွား အင်အား လေးငါးဆယ်ကတော့ အနည်းဆုံး ပါတယ်”

အလားတူ ကန့်ဘလူမြို့နယ်အတွင်းမှ ဒေသခံကာကွယ်ရေးအဖွဲ့ အားနည်းသည့်ကျေးရွာများကိုလည်း ပြည်သူ့စစ်သင်တန်း တက်ရန် ဆက်တိုက် ဖိအားပေး၊ စည်းရုံးနေကြောင်း သိရသည်။

ပျူစောထီးများ တပ်စွဲထားသည့် ကျေးရွာများများတွင် ရွာခံများ အပြင်သွားလာရန် ကန့်သတ်ခံရသလို၊ သီးနှံ ရိတ်သိမ်းလိုပါက ပိုက်ဆံပေးသွင်းရကြောင်း ဒေသခံများက ဆိုသည်။

ရွှေဘိုမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၈ ရက်နေ့က ရဲနှင့် ပျူစောထီးများ တပ်စွဲထားသည့် ဆင်အင်းရွာအနီး စပါးရိတ်နေသည့် တောင်သူများ ပစ်ခတ်ခံရကာ တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

စစ်တပ်က ရွာများကို စီးနင်းကာ စစ်ကြောင်းထိုးနေ၍ နေရပ်စွန့် ထွက်ပြေးနေရသော စစ်ကိုင်းဒေသခံများသည် လယ်ယာလုပ်ငန်းခွင် မဝင်နိုင်သလို နေအိမ်များ၊ စပါးကျီများ မီးရှို့ခံရသဖြင့် စားဝတ်နေရေး အခက်ကြုံနေရသည်။ 

စစ်ကောင်စီကမူ ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူကို အကာအကွယ်ပေးနေသည်ဟု ပြောလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button