
ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကိုးတောင်ဘို့ တိုက်နယ်ကျေးရွာရှိ စစ်တပ်ခြေကုပ်စခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဝင်ရောက်တိုက်ခိုက်စဉ် လေကြောင်းရန်ကြောင့် နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။
ကန့်ဘလူနှင့် ကောလင်းမြို့နယ်တို့မှ PDF အဖွဲ့များ ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ဝင်တိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ ရောက်လာသဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း၊ နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုရှိကြောင်း ကန့်ဘလူမြို့နယ်ပကဖ၏ စစ်ရေးတာဝန်ခံက ပြောသည်။
ဒေသခံများ၏ တောင်းဆိုချက်အရ ကျေးရွာများကို မီးရှို့နေသည့် စစ်တပ်ကို ဝင်တိုက်ရခြင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဲ့ဒီနား ပတ်ချာလည်ကရွာတွေကို မီးထွက်ရှို့နေတာ၊ တစ်ရက်ခြား နှစ်ရက်ခြား၊ အဲဒေသက လူတွေလည်း တော်တော် ဒုက္ခရောက်လှပြီ။ အဲဒီတော့ ပြည်သူတွေက တောင်းဆိုလို့ တပ်ရင်းတွေစုပြီး တိုက်ကြတာ” ဟု အထက်ပါ စစ်ရေးတာဝန်ခံက ပြောသည်။
နံနက်အစောပိုင်း ၁ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်သားများက ကာကင်းစခန်းမှ နောက်ဆုတ်သွားပြီး စခန်းကုန်းထဲမှ ခုခံသည်ဟု ဆိုသည်။ နံနက် ၃ နာရီခွဲခန့်တွင် စခန်းကုန်းနှင့် ပေ ၃၀၀ ကျော်အကွာထိ PDF အဖွဲ့က ဝိုင်းထားနိုင်ပြီး စစ်ကောင်စီဘက်လည်း ဒရုန်များဖြင့် ကင်းထောက်ကာ လက်နက်ကြီးများဖြင့် ခုခံပစ်ခတ်သည်ဟု ဆိုသည်။
“သူတို့ကတော့ အကျအနဆောက်ထားတဲ့ စခန်းကုန်းဆိုတော့ ဘန်ကာတွေနဲ့ သတ်ကွင်းကောင်းတာပေါ့။ အဒီပေါ်ကနေ ငါးကြင်းမြှီး (စက်သေနတ်) တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ တစ်ခါတလေ မီးကျီပစ်ပြီး လက်နက်ကြီးနဲ့ ထုတယ်” ဟု ကန့်ဘလူမြို့နယ်ပကဖ စစ်ရေးတာဝန်ခံက ပြောသည်။
အဆိုစစ်ကောင်စီစခန်းကို သိမ်းနိုင်ရန်အထိ ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း တိုက်လေယဉ်နှစ်စီး ရောက်လာသဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။ တိုက်လေယာဉ်နှစ်စီးသည် ဗုံးမကြဲသော်လည်း စခန်းပေါ်တွင် ငါးကြိမ်တိုင် ပျံဝဲသွားသည်ဟုလည်း သိရသည်။
အဆိုပါတိုက်ပွဲတွင် PDF ပူးပေါင်းအဖွဲ့မှ ထိခိုက်ဒဏ်ရာရသူ ၇ ဦးနှင့် ကျဆုံးသူတစ်ဦးရှိခဲ့ကြောင်း ကန့်ဘလူခရိုင်PDF တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုးတောင်ဘို့ကို စစ်တပ် ရဟတ်ယာဉ်တစ်စီး ဆင်းသက်လာသဖြင့် သေဆုံး ဒဏ်ရာရ စစ်သားများ လာရောက်သယ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ယူဆသည်။
“အရာရှိတွေ ဒဏ်ရာရရင် ရဟတ်ယာဉ်နဲ့ပဲ လာသယ်တာ။ ပြီးတော့ ပတ်ပတ်လည်က ပကဖရွာတွေပဲ ဆိုတော့ မြေပြင်က မလွယ်ဘူးပေါ့ဗျာ။၊ လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တာလည်း ဖြစ်နိုင်ပါတယ်”
အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
လွန်ခဲ့သည့်ဇွန်လအတွင်းကလည်း အဆိုပါကိုးတောင်ဘို့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းယူဖို့ သုံးရက်တိုင်တိုင် ပိတ်ဆို့တိုက်ခိုက်ခဲ့ဖူးသည်။ ထိုစဉ်ကလည်း စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးသုံးကာ ပြန်တိုက်သဖြင့် စခန်းကို သိမ်းယူနိုင်ခဲ့ခြင်း မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)