သတင်း

သီးသန့်တွေ့ဆုံရန် အပစ်ရပ် ၇ ဖွဲ့အဆိုပြုသော်လည်း စစ်ကောင်စီ စိတ်မဝင်စား

စစ်ကောင်စီနှင့် သီးသန့်တွေ့ဆုံဆွေးနွေးရန်  အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (NCA-EAO) ၏ အဆိုပြုချက် မအောင်မမြင်ဖြစ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တို့တွင် ယခုလအတွင်း သီးသန့်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် အဆိုပြုခဲ့ရာတွင် စစ်ကောင်စီက အဆင်သင့်မဖြစ်သေးဟု အကြောင်းပြန်သည်ဟု အပစ်ရပ် ၇ ဖွဲ့ကိုယ်စားပြု တာဝန်ရှိသူက ပြောသည်။ 

သီးသန့်တွေ့ဆုံရေးအတွက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ထံ​ ယခုလ ၇ ရက်တွင် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု အပစ်ရပ် ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသည့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) မှ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။

“ကျွန်တော်တို့ EAO ၇ ဖွဲ့က စပြီးတော့ အဆိုပြုတယ်၊ ကမ်းလှမ်းတယ်။ ကျွန်တော်တို့ ကမ်းလှမ်းပြီးနောက် သူတို့ဘက်က ကျွတ်တော်တို့ကို သဘောထားပြန်စာပေးပါတယ်။ သဘောထားပြန်စာအရကတော့ လောလောဆယ် အဲဒီလိုမျိုး တွေ့ဆုံညှိနှိုင်းဖို့ အခြေအနေ မရှိသေးဘူးတဲ့”

အာဏာသိမ်း စစ်ကောင်စီနှင့် သီးသန့်တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့သည့် အဖွဲ့များမှာ KNU/KNLA PC အပါအဝင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊​ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဖြစ်သည်။

အဆိုပါအဖွဲ့များမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များလည်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဖူးသည်။ 

ယခင်က တစ်ဖွဲ့ချင်းစီသာ ဆွေးနွေးခွင့်ရခဲ့သဖြင့် အဖွဲ့လိုက်တွေ့ဆုံနိုင်ရေး အဆိုပြုခဲ့ခြင်းဖြစ်သည်ဟုလည်း KNU/KNLA PC မှ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်သည့် ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။ 

“ကျွန်တော်တို့ရည်မှန်းချက်ကတော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အခင်းအကျင်းကနေပြီးတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဒါကတော့ ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တယ်”

အပစ်ရပ် ၇ ဖွဲ့၏အဆိုပြုချက်တွင် ဒီဇင်ဘာ ၁၂ တွင် ချင်းမိုင်မြို့တွင် ကိုယ်စားလှယ်အနည်းငယ်စီဖြင့် ကနဦးတွေ့ဆုံရန်၊ ဒီဇင်ဘာ ၁၅ မှ ၁၇ တွင် တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ စုံစုံညီညီ တွေ့ဆုံဆွေးနွေးရန်၊ ဒီဇင်ဘာ ၂၀ မှ ၂၁ တွင် ရန်ကုန်မြို့၌ တရားဝင်ဆွေးနွေးပွဲကျင်းပပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးရန် ဖြစ်သည်ဟု သိရသည်။ 

အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့် တိုင်းရင်းသားအဖွဲ့များအနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည့်အပြင် လက်နက်ကိုင်တော်လှန်သူများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အကြိမ်ကြိမ်ဖိတ်ခေါ် ဆွေးနွေးခဲ့ရာတွင် အဖွဲ့အစည်း ၁၀ ခုမျှ နေပြည်တော်သွားရောက်ခဲ့သည်။ နေပြည်တော်ရောက် အဖွဲ့များနှင့် သဘောတူညီချက်များ ရရှိသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။​

စစ်တပ်က အာဏာသိမ်းပြီးနောက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button