သတင်း

နွားထိုးကြီးတွင် NLD ထောက်ခံသူ ၆ ဦး သတ်ဖြတ်၊ အလောင်းစွန့်ပစ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ ၆ ဦး ဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ နောက်တစ်နေ့ (ဒီဇင်ဘာ ၇) နံနက်တွင် ၎င်းတို့၏ ရုပ်အလောင်းများကို လမ်းဘေးတွင် တွေ့ရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

သတ်ဖြတ်ခံရသူများမှာ မြို့အနောက်ဘက် ၅ မိုင်ခန့် အကွာရှိ မင်းရွာမှ ၆၃ နှစ်အရွယ်များဖြစ်သော ဦးကျော်ဆောင်နှင့် ဦးခင်မောင်စိန်၊ ၃၆ နှစ်အရွယ် ကိုမင်းဇော်၊ ၄၂ နှစ်အရွယ် ကိုဟန်တင်၊ ၃၇ နှစ်အရွယ် ကိုစိုးပိုင်နှင့် ၁၇ နှစ်အရွယ် မောင်အောင်ကိုမင်းတို့ ဖြစ်ကြသည်။

လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မျက်လုံးတွင် အဝတ်စည်းထားကာ ဦးခေါင်းတွင် ကျည်ထိဒဏ်ရာများရှိနေသော ထိုရုပ်အလောင်းများကို နွားထိုးကြီး-မြင်းခြံကားလမ်းနှင့် မင်းရွာအကြား ဆက်သွယ်ထားသည့် လမ်းပေါ်တွင် ၃ လောင်းစီ နှစ်နေရာခွဲကာ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၆) ညပိုင်းက စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက နေအိမ်များ၌ လာရောက် ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု ထိုရွာခံတစ်ဦးက ဆိုသည်။

“မနေ့ည ၁၀ နာရီလောက်က ကျွန်တော်တို့ရွာကို ရောက်လာတာ။ ၁၂ နာရီကျော်လောက်မှာ ရွာထဲက ၆ ယောက်ကို ဖမ်းခေါ်သွားပြီးတော့ သတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ဖမ်းဆီးမခံရမီ ဒီဇင်ဘာ ၅ ရက်က မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခဲ့ပြီးနောက် နောက်တစ်နေ့ညတွင် စစ်တပ်နှင့် ပျူ အင်အား ၄၀ က ရွာအတွင်း ရောက်လာကာ NLD ထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူပေးကာ နေအိမ်များကို ဝိုင်းခဲ့ပြီး အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများက ထိုလူများကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း အထက်ပါရွာခံက ဆက်ပြောသည်။

ထိုဒေသတစ်ဝိုက်တွင် “သွေးသောက်” အမည်ခံကာ ပျူစောထီးများကို ဦးဆောင်ဖွဲ့စည်း၍ NLD ထောက်ခံသူများကို သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ နွားထိုးကြီးဒေသခံများက အသက် ၄၀ ကျော်အရွယ်ရှိ မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဒေါ်သီတာယုမွန် ဆိုသူက ဦးဆောင်ကြောင်း ဆိုကြသည်။

သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသည့် မင်းရွာသား NLD ထောက်ခံသူ နှစ်ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ-ပေးပို့)

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး  Myanmar Now  က ဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဒေါ်သီတာယုမွန်က ငြင်းဆိုသည်။

“ဘာတွေ လာပြောနေတာလဲ။ ပါးတောင်မှ ဘယ်ပြန်ညာပြန် ရိုက်လိုက်ဦးမယ်။ အရူးကွက် လာမနင်းနဲ့။ အဲဒါမျိုးတွေ ရိုးနေပြီ” ဟု သူက တုံ့ပြန်သည်။

နိုဝင်ဘာလဆန်းကလည်း NLD ပါတီထောက်ခံသူ နွားထိုးကြီးမြို့ခံ ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး မြို့အရှေ့ဘက်ရှိ ဇေဒိတ်ရွာအနီး အလောင်းစွန့်ပစ်ခံရသည်။ 

အလားတူ နွားထိုးကြီးမြို့ အမှတ် (၅) ရပ်ကွက်ရှိ NLD ပါတီထောက်ခံသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို နိုဝင်ဘာ ၁၂ ၌ ပျူစောထီးနှင့် စစ်တပ်က သွားရောက်ရှာဖွေရာ မတွေ့သဖြင့် ဓားစာခံအဖြစ် ဖမ်းဆီးသွားသော အသက် ၂၀ ဝန်းကျင် စားပွဲထိုး ၂ ဦးကို သတ်ဖြတ်၍ အလောင်းစွန့်ပစ်ခဲ့သည်။

နွားထိုးကြီးမြို့ခံ ၅ ဦးကို အောက်တိုဘာအတွင်း သွေးသောက်အမည်ခံ ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။

NLD ပါတီအနိုင်ရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို မဲစာရင်းမှားသည်ဟု ဆိုကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ ပါတီဝင်များ၊ အားပေးဝန်းရံသူများကို နည်းမျိုးစုံသုံး၍ ပစ်မှတ်ထားနှိပ်ကွပ်နေရာ ထောင်ချခံနေရသူများ ရှိသည့်နည်းတူ အသက်သေဆုံးရသူများလည်း ရှိသည်။

NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် NLD ပါတီဝင် ၁၁၆၉ ဦး အဖမ်းခံထားရကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ၆၇ ဦးမှာ စစ်တပ်က ဖမ်းထားစဉ် သေဆုံးခဲ့ကြောင်း NLD က နိုဝင်ဘာ ၈ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button